DVB Logo
Home
မြန်မာသတင်း
ဆေးဝါးနှင့် နှာခေါင်းစည်း Mask စျေးနှုန်းများမြင့်တက်၊ ဆေးအချို့ ပြတ်လပ်
DVB
·
July 7, 2021
ဆေးဝါးနှင့် နှာခေါင်းစည်း Mask စျေးနှုန်းများမြင့်တက်၊ ဆေးအချို့ ပြတ်လပ်
Donate to DVB

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ  ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ စံချိန်တင်မြင့်တက်လာနေတဲ့အတွက်  ဆေးဝါးနဲ့  တခါသုံး နှာခေါင်းစည်း Mask တွေ ဝယ်လိုအားများပြီး တဖြည်းဖြည်း စျေးနှုန်းမြင့်တက်လာနေကာ  တချို့ဆေးဝါးတွေ ဝယ်မရတဲ့အထိ ပြတ်လပ်နေပါတယ်။

ဇွန်လ တတိယအပတ်လောက်က စတင်ကာ လိုအပ်တာထက်  ပိုမိုဝယ်ယူ ပြန်လည်ရောင်းချသူတွေ စျေးကွက်ရှာသူတွေကြောင့် ဝယ်လိုအားမြင့်တက်လာကာ ပစ္စည်းပြတ်လပ်တဲ့အထိ  ဖြစ်ခဲ့ပြီး စျေးမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါအပြင် တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ဆို့မှုတွေရှိတဲ့အတွက် ကုန်တင်ကားတွေနဲ့ ကုန်စည်သယ်ယူခွင့်မရလို့ အိမ်စီးကားတွေနဲ့သာ ကုန်စည်သယ်ယူနေရတာကြောင့်  စျေးမြင့်တက်မှုတွေ ပိုမို ဖြစ်ပေါ်နေပါတယ်။ 

မန္တလေးမြို့က ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးက "တရုတ်က ပိတ်ဆို့မှုတွေရှိတော့ အိမ်စီးကားတွေနဲ့ ပစ္စည်းတွေ သယ်ရတယ်၊ အရင်က တစ်ခေါက် သယ်ရတဲ့ဟာကို အခု သုံး၊ လေး၊ ငါးခေါက် သယ်ရတော့ သယ်ယူစရိတ်တွေ မြင့်တက်ကုန်လို့ စျေးတွေ တက်ကုန်တာပါ။ နောက်တစ်ချက်က လိုအပ်တာထက် ပိုဝယ်တာတွေ စျေးကွက်ရှာသူတွေကြောင့်လည်း စျေးမြင့်တက်ခဲ့တာပါ" လို့ ပြောပါတယ်။

စျေးကွက်အတွင်း တစ်ခါသုံး နှာခေါင်းစည်း Mask စျေးနှုန်းတွေဟာ  ကိုဗစ်တတိယလှိုင်း မဖြစ်ပွားခင်က တစ်ဘူးကို ကျပ် ၉၅၀ ရှိခဲ့ရာက အခုအချိန်မှာ ကျပ် ၃၀၀၀ ဝန်ကျင်အထိ မြင့်တက်လာပါတယ်။

အရင်က  KN95 Mask တစ်ခုကို ကျပ် ၉၀ သာစျေးရှိခဲ့ပေမယ် အခု  ၂၅၀ ကျပ်ဝန်းကျင်ထိ စျေးမြင့်တက်ခဲ့တာပါ။ 

ဇူလိုင် ၆ ရက် ညနေပိုင်းထိ စုံစမ်းမေးမြန်းချက်အရ မန္တလေးမြို့ရှိ ဆေးဆိုင်အများစုမှာ တစ်ခါသုံး နှာခေါင်းစည်း Mask နဲ့ ဆေးဝါးတစ်ချို့ ပစ္စည်းပြတ်လပ်နေပါတယ်။  

“ကိုယ်ခံအားကောင်းစေတဲ့ ဆေးတွေကတော့ ပစ္စည်းပြတ်လပ်တဲ့ထိ ဝယ်လိုအားကောင်းသလို စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ပစ္စည်းတွေက နှစ်ပတ် ကြိုမှာရတယ်။ ဇူလိုင်လလယ်လောက် ပစ္စည်း ပြန်ရောက်တော့မှာပါ"လို့ ဆေးပစ္စည်းတင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။

အလားတူ ရန်ကုန်မြို့က ဆေးဆိုင်တွေမှာလည်း နှာခေါင်းစည်း Mask နဲ့ ဆေးဝါးတစ်ချို့ ဝယ်လိုအား မြင့်တက်နေပြီး C-VITI နဲ့ ENERVON-C စတဲ့ဗီတာမင်ဆေးဝါးတွေ ပြတ်လပ်နေပါတယ်။ 

Mask (နှာခေါင်းစည်း) အပါအဝင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၃,၆၀၂ ယောက်၊ သေဆုံးသူ ၅၀ ကျော်အထိ စံချိန်တင်  ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၇၁,၉၇၆ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013