
မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ သမီးဖြစ်သူ မသိမ့်စန္ဒီစိုးကို မိုးကုတ် အချုပ်ထောင်မှာ ဖမ်းဆီးထားရာ ကျန်းမာရေး အခြေအနေစိုးရိမ်နေရပြီး ဆေးကုသခွင့်မရ ဖြစ်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဇွန်လ ၁၃ ရက်နေ့က ကိုစိုးဌေးကို ဖမ်းဆီးရမိဖို့ နေအိမ်မှာ လာရှာရာမှာ မတွေ့တဲ့အတွက် ကိုစိုးဌေးရဲ့ ဇနီး ၊ တတိယနှစ် ဥပဒေ ကျောင်းသူ သမီးကြီးနဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်တို့ကို ဖမ်းဆီးခေါ်သွားတာဖြစ်ပါတယ်။
“သမီးကြီး ကျန်းမာရေး အခြေအနေစိုးရိမ်ရတယ်ဆိုတာ နီးစပ်တဲ့သူတွေဆီကနေ ကြားရတာ။ အရင်ကတည်းက သွေးလေးဖက်နာရှိတယ်။ ဆေးကုသခွင့်ကလည်း မရ။ ဖမ်းသွားကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ ဆေးလည်း ယူမသွားရတော့ ကျန်းမာရေး ထိခိုက်တာဖြစ်မယ်။ အကြောင်းကြားပေးသူကလည်း အရမ်းစိုးရိမ်ရလို့ အကြောင်းကြားတာ” လို့ ကိုစိုးဌေးက ပြောပါတယ်။
သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မစုထက်ဝိုင်းကိုတော့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။