DVB Logo
Home
Lead Story
ဖိလစ်ပိုင် မုန်တိုင်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ
DVB
·
November 30, 2013
ဖိလစ်ပိုင် မုန်တိုင်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ
Donate to DVB

အင်အားကြီး တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ဟာ နိုဝင်ဘာ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ မြေပြိုမှုတွေ ဖြစ်ပွားစေခဲ့ပြီး သမိုင်းမှတ်တမ်းအရ အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။

တာကလိုဘန်း ကမ်းရိုးတန်းဒေသ လေတီဟာ အပြင်းထန်ဆုံး တိုက်ခတ်ခံရပြီး အိုးအိမ်တွေ ပြားပြားဝပ် ဖြစ်ခဲ့သလို လမ်းတွေပေါ်မှာလည်း အပျက်အစီးတွေနဲ့ ပြန့်ကျဲ ကျန်နေရစ်ပြီး အကြီးအကျယ် ပျက်စီးကျန်ခဲ့ပါတယ်။

t2s-guardian-philippines-typhoon-haiyan-aftermath-6တိုင်းဖွန်းမုန်တိုင်းအပြီး အသက်ရှင်ကျန်ရစ်သူတွေဟာ အများကြီး လိုအပ်နေတဲ့ အစား အစာ၊ ရေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေကို လက်ခံရယူဖို့ ကွက်လပ်တနေရာမှာ စုဝေး နေကြရပါတယ်။

ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ဟာလည်း လေယာဉ်ကွင်းနဲ့ လမ်းတွေကို ရှင်းလင်းအပြီးမှာ လေတီကို ပထမဆုံး ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။

အဖွဲ့ရဲ့ဒါရိုက်တာ ရစ်ချတ်ဂေါ်ဒွန်က ခုထိ ပိုပြီး အလှမ်းဝေးတဲ့ ဒေသတွေကို ရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အစားအစာကို လုံလောက်အောင် မပေးနိုင်ပါဘူး။ လူတိုင်းဆီကို ရောက်ဖို့ သိပ်ခက်ခဲပါတယ်။ အခက်အခဲက ဆီဘူးနဲ့ တာကလိုဘန်း အနားပတ်ဝန်းကျင်ဒေသတွေကို ပစ္စည်းတွေအားလုံးကို လေကြောင်းနဲ့ ဒါမှမဟုတ် ရေလမ်းနဲ့ သယ်ယူသွားဖို့ပါ။ အဲဒီဒေသတွေက ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာဒေသမှာ ရှိနေတယ်လေ။”

တာကလိုဘန်းဟာ တိုင်ဖွန်းမုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်တာကို ခံခဲ့ရတဲ့ မြို့တွေ ထဲမှာ ပါပါတယ်။ ထိခိုက်ပျက်စီးမှု မရှိတဲ့ အဆောက်အဦရယ်လို့ မရှိပါဘူး။

လေတီမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စောင့်ကြည့်ကြီးကြပ်ပေးနေတဲ့ သမ္မတ ဘင်နစ်နိုအကွီနို ၃ က “ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေတာကို ကျနော် ကျေနပ်မှု ရှိပါသလား။ ကျနော်က ကျနော်တို့ ပြည်သူလူထုတွေရဲ့လိုအပ်မှုနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ကျေနပ်လေ့ မရှိပါဘူး။ အခု ဘာပဲ ရထား ရထား အစိုးရရဲ့စနစ်အားလုံးရဲ့ စီမံဆောင်ရွက်မှု စွမ်းဆောင်ရည် တိုးမြင့်လာအောင် ကျနော် အမြဲကြိုးစားပါတယ်။ ဒါပေမယ့် တခါထပ်ပြီး ဒီလို ကြီးမားပြီး အားပြင်းတဲ့ တိုင်ဖွန်းက ရှိနှင့်ထားတဲ့စနစ်တွေကို တကယ့်ကိုပဲ ဒုက္ခပေးလိုက်တာပါပဲဗျာ” လို့ ပြောပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းမတိုက်ခင် ရက်အတော်စောစောကပဲ သူက နိုင်ငံရဲ့ တယ်လီဗေးရှင်းကနေ သတိပေးချက် ကြေညာခဲ့ပါတယ်။

“ထိခိုက်ခံခဲ့ရတဲ့ ဒေသတွေမှာ လှိုင်းတွေက ၅ ပေ ကနေ ၆ ပေအထိ မြင့်ခဲ့တယ်လေ။ ကာကွယ်ရေးဝန်ကြီး ဗေါ့လ်ဂါ့ဇမင်နဲ့ ပြည်ထဲရေးဝန်ကြီး မားရိုဆက်တို့ဟာ ယိုလန်ဒါ မြေပြိုမှု တွေအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်တာကို ခေါင်းဆောင်ဖို့ လေတီကို ရောက်နေခဲ့ကြပြီးပါပြီ။ ကျနော်တို့ရဲ့ ကပ်ဘေး ပူးတွဲဆောင်ရွက်ရေးကောင်စီတွေ ဒေသနဲ့ အမျိုးသားအဆင့် အားလုံးဟာလည်း ပြင်ဆင်နေပါတယ်။”

ဒါပေမယ့် လူအတော်များများကတော့ နောက်တိုက်ဖွန်းတခု လာလိမ့်ဦးမယ်လို့ ထင်နေ ကြပါတယ်။ ဖိလစ်ပိုင်ဟာ ပုံမှန်လိုလို ၁ နှစ်မှာ မုန်တိုင်း ၂၀ ပတ်ဝန်းကျင်လောက် အတိုက်ခံရလေ့ ရှိပါတယ်။

ပြင်ဆင်မှုတွေက အတော်လေး နည်းပါးခဲ့ပြီး ထိခိုက်ခံရနိုင်ချေရှိတဲ့ ဒေသမှာ နေထိုင်သူတွေ အားလုံးကို ဘေးလွတ်ရာ နေရာကို ပြောင်းရွှေ့မပေးနိုင်ခဲ့ပါဘူး။ အကျိုးဆက်ကတော့ လေတီပြည်နယ်နဲ့ သူရဲ့ အနီးပတ်ဝန်းကျင် ကျွန်းတွေမှာ အပျက်အစီး အများဆုံး ဖြစ်ခဲ့ရတာပါပဲ။ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ်းရိုးတန်းနေ ရပ်ရွာတွေ အားလုံး လုံးဝ ပျက်စီးသွားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒုက္ခရောက်သူတွေကို အကူအညီပေးဖို့ ကြီးမားတဲ့ အခက် အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ရဲ့ ဒါရိုက်တာ ရစ်ချတ်ဂေါ်ဒွန်က ပြောပါတယ်။

“အစပိုင်းမှာ တခုက ကျနော်တို့မှာ သတင်းအချက်အလက် မရှိတာပါ။ ဒုတိယ က တယ်လီဖုန်း မရှိတာပါ။ ဆဲလ်ဖုန်းလည်း မရှိပါဘူး။ ဘာဆက်သွယ်ရေးမှ မရှိပါဘူးဗျာ။ တတိယက လမ်းတွေပေါ်မှာ အပျက်အစီးတွေ အများကြီး ရှိနေတာပါ။ ဓာတ်တိုင်တွေ၊ သစ်ပင်တွေနဲ့ အိမ်တွေ လေတိုက်လို့ လွင့်စင်ပြီး လမ်းတွေပေါ် ရောက်နေကြတာပါပဲဗျာ။ အဲဒီကို ရောက်ဖို့ တကယ့်ကို ခက်ခဲပါတယ်။”

နိုင်ငံရဲ့ ပထ၀ီအနေအထားအရ ပြန့်ကျဲနေတဲ့ ကျွန်းတွေ အများကြီး ရှိနေတဲ့အတွက် ထိခိုက်ခံခဲ့ရတဲ့ ဒေသတွေကို ကယ်ဆယ်ရေးတွေ ရောက်ဖို့ အချိန်ကြာပါတယ်။

သမ္မတအကွီနိုကတော့ နိုင်ငံတကာအကူအညီတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

“ပထမဆုံး အကူအညီပေးခဲ့တဲ့ နိုင်ငံတနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုပါ။ ကျနော်တို့ လေတပ်မှာ စီ ၁၃၀ တွေ ရှိနေခဲ့ပြီး သူတို့က အများကြီး သယ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အမေရိကန်က လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုလည်း ပစ္စည်းအပြည့်အစုံနဲ့ စေလွှတ်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့တွေက အထီးတည်း ဖြစ်နေတဲ့ ကျွန်းရွာတွေနဲ့ လူနေဒေသတွေကို ကျနော်တို့ကို အချိန်ကိုက် ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။”

ပါလ၀မ်ပြည်နယ်မှာတော့ အနုပညာရှင် အသိုင်းအ၀ိုင်းက အာရုံထားမခံရတဲ့ ဒေသတွေကို အကူအညီပေးဖို့ ကူညီထောက်ပံ့ရေး ဖျော်ဖြေပွဲတခုကို စီစဉ်ကျင်းပပေးနေပါတယ်။

အကူညီပေးရေး စည်းရုံးလှုံ့ဆော်နေတဲ့ ဒင်းဂေါ့ထ် ကွန်ဒေ ပရိုင်တိုက “ကျမတို့က ကျမတို့ အနုပညာလက်ရာတွေကို ဈေးနည်းနည်းနဲ့ ရောင်းနိုင်မယ့် အနုပညာ အရောင်းပွဲတော်တခု လုပ်မယ်လို့ တွေးထားခဲ့တာပါ။ ပွဲကရတဲ့ငွေတွေကတော့ ကပ်ဘေး ရန်ပုံငွေပဲ” လို့ ပြောပါတယ်။

တိုင်ဖွန်းဟိုင်ယန်ရဲ့ သားကောင် ဖြစ်ခဲ့ကြသူတွေအတွက် သီချင်းတပုဒ် ရေးစပ်ပေးခဲ့တဲ့ တေးဂီတသမား ဖတ် မားကွက်ဇ်က “သီချင်းရဲ့ နာမည်က ‘အချိန်ကျပြီ’ ပါ။ အစိုးရရဲ့ တုံ့ပြန်မှုတွေက ထိခိုက်ခံရတဲ့ နေရာတွေကို ရောက်ဖို့ သိပ်နှေးနေတာကို ကျနော် သတိပြုမိတယ်လေ။ ဒါကြောင့် ကျနော်က ကော်ရွန်လို တခြားနေရာတွေက ကပ်ဘေးသင့်မှုတွေ အကြောင်းသီချင်း ၁ ပုဒ် ရေးပေးဖို့ တွေးမိခဲ့တယ်ပေါ့။ ဒါမှ လူတွေက ခံစားခဲ့ရသူတွေကို ကူညီဖို့ စဉ်းစားမိလာနိုင်မှာ” လို့ ပြောပါတယ်။

ဒီလို ကြီးမားတဲ့ တိုင်ဖွန်းမုန်တိုင်းတခုရဲ့သက်ရောက်မှုကြောင့် ဘ၀တွေ အိုးအိမ်တွေကို ပြန်ပြီး တည်ဆောက်ဖို့ အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် အဲဒီမှာ မျှော်လင့်ချက်တော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့တွေဟာ ရနိုင်သမျှ အကူအညီတွေကို လိုအပ်နေကြပါတယ်။

ဂျိုဖလေ တက်စ်ဆိုရီယိုနဲ့ အေရီယယ် ကာလို့စ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍ အတွက် ဖိလစ်ပိုင်ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013