DVB Logo
Home
မြန်မာသတင်း
သတင်းများကပြောသည့် မြန်မာ့တော်လှန်ရေး(၂)
DVB
·
June 30, 2021
သတင်းများကပြောသည့် မြန်မာ့တော်လှန်ရေး(၂)
Donate to DVB

စစ်တပ်ကအာဏာသိမ်းထားတာ ၅ လ ဝင်လာချိန်တွင် တွေ့မြင်နေရသည့် မြင်ကွင်းအချို့နှင့် အစပြုလိုသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအတော်များများတွင် စစ်အာဏာရှင်အလိုမရှိကြောင်း ပြောက်ကျားသပိတ်ဆင်နွှဲနေကြတုန်းဖြစ်သည်။

စစ်တပ်ခန့်အပ်သည့် အုပ်ကြီးများ၊ ရာအိမ်မှူးများ၊ သတင်းပေးဒလန်များကို ဒလန်အရင်ရှင်းဟူသည့် လက်တွေ့ကျသည့် ကြွေးကြော်သံဖြင့် နေ့စဉ်ရှင်းနေသည်။

ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တူမီးခုခံစစ်များ အားကောင်းခဲ့သော်ငြား စစ်ပန်းလူထုအတွက် ထိုးမဲ့ဆင်နောက်တလှမ်းဆုတ်ဆိုသလို ခေတ္တရပ်နားထားသည်။ သို့သော် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ယခင် ဗန့်ဗွေးနယ်က စစ်အကြမ်းဖက်အုပ်စုတော်လှန်ရေး ပြောက်ကျားတိုက်ခိုက်မှုများကမူ ဆက်တည်ရှိနေသည်။

ဂန့်ဂေါ၊ ဆားလင်းကြီး၊ ကနီ၊ ယင်းမာပင်၊ မင်းကင်းစသည့် ဒေသများက ဒေသခံများသည် အကြမ်းဖက်စစ်တပ်ကို ယနေ့တိုင် ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်နေကြသည်။ ထို့အပြင်မြို့နယ်တိုင်းလိုလိုတွင် ဖွဲ့စည်းထားသည့် မြို့ပြကာကွယ်ရေးအဖွဲ့ PDF များကလည်း အခွင့်သာလျင်သာသလို စစ်တပ်လုံးဝအုပ်ချုပ်မရအောင် တိုက်ပွဲဝင်နေကြတာလည်း သတိပြုမိသည်။

လတ်တလောသတင်းများကလည်း အထက်ဖော်ပြပါဖြစ်စဉ်များကိုသာ ရေးသားဖော်ပြနေကြတာဖြစ်သည်။ကြည့်ပါ...။

စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၆ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ (DVB)။ ရေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ(DVB)။ ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးခန့် ကျဆုံး(DVB)။ မရမ်းကုန်းလဝကရုံး ပေါက်ကွဲမှုဖြစ်၊ တပ်က ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်(Myanmar Now)။ ကလေးမြို့အနီး စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ကိုး ဦး သေဆုံး(RFA)။ သဲဖြူဝရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ(RFA)။

၅ လတာကာလအတွင်း စစ်အကြမ်းဖက်အုပ်စုကြောင့် နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ကျဆုံးခဲ့ရသူများလည်း မနည်း၊ အရင်းအနှီးကြီးလှသည်။ ၅ လနီးပါးအတွင်း စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၃ ဦးရှိလာ (DVB)။ ဖမ်းခံထားရသူ ၆၀၀၀ ကျော်ရှိနေသည်။ တလောက ကုလသမဂ္ဂက နွေဦးတော်လှန်ရေးအတွင်း မြန်မာပြည်သူ ၂၃၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု သတင်းထုတ်ပြန်တာတွေ့လိုက်ရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် ထွက်ပြေးနေရသူများ၊ စစ်သင်တန်းသွားတက်နေသူများပါ ထည့်တွက်လျှင် သန်းဂဏန်းအထိရှိနိုင်သည်။ လူတွေဘဝအခြေပျက်ကာ   မိတကွဲ၊ ဖတကွဲ၊ သားတကွဲ ဘဝများကို ရုတ်တရက်မမျှော်လင့်ထားဘဲ ခံစားနေကြရသည်။ ကြိမ်မီးအုံးသည်သို့...။

ယခုတဖန်စစ်အကြမ်းဖက်အုပ်စုကဲ့သို့ပင် အသက်အန္တရာယ်ကိုခြိမ်းခြောက်မည့် ကိုဗစ်-၁၉  တတိယလှိုင်းက တကျော့ပြန်ခေါင်းထောင်လာပြန်သည်။ မြန်မာပြည်သူများရင်ဆိုင်နေရသည့်  ဘေးဒုက္ခများ များလှသည်။ ပရမ်းပတာစစ်အကြမ်းဖက်အုပ်စုလက်ထက်တွင် ကိုဗစ်မျိုးဗီဇကွဲ ပိုးကူးစက်ခံရလျင် အရပ်သားအစိုးရလိုမျိုး ဂရုတစိုက်ကုသပေးနိုင်မည်မဟုတ်။ ပွင့်လင်းမြင်သာသည့် သတင်းထုတ်ပြန်မှုများ သတိပေးချက်များလည်းလာမည်မဟုတ်။ ဖုံးကွယ်ထားကွယ်ထားပြီး ဘယ်သူသေသေ ငတေမာပြီးရောလုပ်မည့် အမျိုးယုတ်စစ်အုပ်စုဖြစ်သည်။ ဥပမာတခုပြောပြမည်။

ရန်ကုန်တိုင်း၊ ကမာရွတ်က နာမည်ကြီး တီတီစီကျောင်းတွင် ပြီးခဲ့သည့်အပတ်က အဋ္ဌမတန်းဆရာ တစ်ဦး ကိုဗစ်ပိုးကူးစက်ခံထားရသည်။ အခန်းထဲရှိ ကျောင်းသားများကိုပါ ပိုးရှိမရှိ စစ်ဆေးနေသော်လည်း ကြိတ်ပြီးစစ်နေခြင်းဖြစ်သည်။ တရားဝင်သတင်းမထုတ်။ ယခု ရန်ကုန်မြို့လယ်ရှိ အထက်တန်းကျောင်းများတွင် ရှင်နည်းရာအဂလူထွက်ဆိုသလို ယခင် ကျောင်းသား ၅၀ ကျောင်းတက်သည့်အထက်တန်းကျောင်းတွင် ယခုဇွန်လကုန်ပိုင်းတွင် ကိုဗစ်ပိုးကူးစက်မည်စိုးပြီး ကျောင်းသာ ၂၀ ခန့်သာ ကျောင်းလာတက်နေသည်။ (အဆိုပါအထက်တန်းကကျောင်းသည် ပုံမှန်အချိန်တွင် ကျောင်းသား ၅၀၀၀ ကျော်ကျောင်းတက်သည်)။

ကူးစက်မြန်ပြီးရောဂါပြင်းထန်သည့် မျိုးဗီဇကွဲကိုဗစ်ပိုးသည်   ရောဂါအခံရှိလျှင်  ဒီနေ့ကူး နောက်နေ့သေသည်။ ကလေးမြို့က ခရစ်ယာန်ဘုန်းကြီးတပါးသည် ကျောက်ကပ်ရောဂါအခံရှိသူဖြစ်သည်။ ဇွန် ၂၃ ရက်တွင် ကိုဗစ်ပိုးကူးစက်ခံထားရဟုသိပြီး ဇွန် ၂၄ ရက်တွင် ဆုံးသည်။ ဤမျှမြန်သည်။

သတင်းများက ယခုလိုပြဆိုနေသည်။ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၈ဝဝ ကျော်တွေ့(RFA)။ ချင်းနှင့်စစ်ကိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ နေ့စဉ် သိသိသာသာ တိုးလာနေ(RFA)။ လားရှိုးတွင် ကိုဗစ်လူနာသစ် ၃၀၀ ခန့်ရှိလာ(RFA)၊ ကိုဗစ်လူနာအသစ် ၇၀၀ ကျော်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ၁၀၉ ယောက်ဖြင့် အများဆုံးဖြစ်(DVB)။ ကိုဗစ်အတည်ပြုလူနာ စံချိန်တင် မြင့်တက်(RFA)။ 

"မနေ့က ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၂၅ ယောက် တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၈ ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်တတိယလှိုင်းကာလအတွင်း အတည်ပြုလူနာသစ် မနေ့က အများဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး ပိုးတွေ့နှုန်းလည်း အမြင့်ဆုံး စံချိန်တင်ခဲ့တာပါ။ သေဆုံးသူလည်း မနေ့က ၁၂ယောက်ထပ်တိုး လာလို့ သေဆုံးသူ စုစုပေါင်း ၃၃ဝ၉ ယောက်အထိ ရှိလာပါပြီ။"

ဒီတကြိမ်ကိုဗစ်တတိယလှိုင်းတွင် တနေရာတည်း အစုအပြုံလိုက်ကူးသည်။ အထက် ဒီဗီဘီ သတင်းပါ  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ၁၀၉ ယောက်ဖြင့် အများဆုံးဖြစ်ဟူသည့်သတင်းပါ အများဆုံးကူးခဲ့သည်မှာ ဘုန်းကြီးကျောင်းတကျောင်းကဖြစ်သည်။ 

အခြေခံပညာကျောင်းအချို့ ကိုဗစ်ရန်ကြောင့် ပိတ်ထားကြရပြီ။ သတင်းများအရ  ကိုဗစ်တတိယလှိုင်းသည် စာသင်ကျောင်းများဆီ ဦးတည်နေပြီဟု ဆိုနိုင်သည်။ ကျောင်းတက်နေတာတွေ့မြင်နေရတာလည်း မူလတန်းကလေးများဖြစ်သည်။ မိဘများ မျက်စိတဆုံးကြည့်ကြရန်သတိပေးလိုသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် တိုက်ထုတ်ရမည့်စစ်မျက်နှာတွေက များလှသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန် ၂၈ ရုံးချိန်းတွင် ပြည်သူတွေ ကိုဗစ်တတိယလှိုင်းကို သတိထားကြဖို့ စိုးရိမ်တကြီးမှာသည်။ အထူးသတိပြုရန် တချက်သတိပေးလိုသည်။ စစ်အကြမ်းဖက်အုပ်စုသည် ကိုဗစ်တတိယလှိုင်းကို ဖိဖိစီးစီးနိုင်နိုင်နင်းနင်း နှိမ်နင်းကာကွယ်မည်မဟုတ်ဘဲ လွှတ်ပေးထားခြင်းဖြင့် ပြည်သူတွေ ဗျာများနေအောင် လုပ်ဆောင်လိမ့်မည်။ ကိုဗစ်တတိယလှိုင်းဖြင့် ပြည်သူများကြား စိုးရိမ်စိတ်ဖြင့် ဗျာများနေမှ တော်လှန်ရေးဘက်လှည့်မလာနိုင်ဟု တွေးတောကြံစည်လုပ်ဆောင်လိမ့်မည်။

တော်လှန်ရေးသတိအမြဲရှိပါ။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013