DVB Logo
Home
မြန်မာသတင်း
လူထုဒေါ်အမာ ၉၈ နှစ် ပြည့်မွေးနေ့ အမှတ်တရ ကျင်းပ
DVB
·
November 29, 2013
လူထုဒေါ်အမာ ၉၈ နှစ် ပြည့်မွေးနေ့ အမှတ်တရ ကျင်းပ
Donate to DVB

ကွယ်လွန်သူ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ ၉၈ နှစ်မြောက် မွေးနေ့အမှတ်တရပွဲကို မန္တလးတိုင်း အမရပူရမြို့နယ်က တောင်လေးလုံး ကျောင်းတိုက်မှာ  မိသားစုဝင်တွေနဲ့ စာပေအသိုင်းအ၀န်းက  ဒီနေ့ မနက် ကျင်းပခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးလောကနဲ့ စာပေလောကမှာ  လူထုအပေါ် ဩဇာကြီးခဲ့တဲ့ စာရေး ဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေကို  ဆရာမကြီးရဲ့ အသက် ၇၀ ပြည့်မွေးနေ့ ၁၉၈၅ ခုနှစ်ကစပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။

luhtufacebookပြီးခဲ့တဲ့နှစ်အနည်းငယ်ကတော့ အဲဒီကျောင်းမှာ မွေးနေ့ပွဲ ကျင်းပဖို့ အခွင့်မသာခဲ့ပါဘူး။  လူထုဒေါ်အမာ ကွယ်လွန်သွားပြီး ဖြစ်ပေမယ့်  ဒီနှစ်တော့  တောင်လေးလုံးကျောင်းတိုက်မှာ အစဉ်အလာမပျက် ပြန်ကျင်းပခွင့်ရခဲ့တယ်လို့ လူထုစာအုပ်တိုက်က အယ်ဒီတာ တယောက် ဖြစ်သူ စာရေးဆရာ ညီစေမင်းက ပြောပြပါတယ်။

“အရင်တုန်းကတော့ တောင်လေးလုံးမှာ တောက်လျှောက်ကျင်းပလာပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အခက်အခဲရှိတာနဲ့ စစ်ကိုင်းက မြစင်္ကြာ ကျောင်းတိုက်မှာ ပြောင်းပြီးတော့ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှ စပြီးတော့ တောင်လေးလုံးမှာ ပြန်စ ကျင်းပတာပါ။ စစ်ကိုင်းမှာ ကျနော်တို့ ၃ နှစ်လောက် ကျင်းပလိုက်ရပါတယ်။ တနှစ်က အမရပူရမြို့ ဂန္ဓာရုံ ကျောင်းတိုက်မှာ ဆွမ်းလောင်းပွဲနဲ့အတူ အဲဒါက အခမ်းအနား မကျင်းပခဲ့ပါဘူး။ ဆွမ်းလောင်းပွဲ သက်သက်ပဲ ကျင်းပခဲ့ပါတယ်။ အရင် အချိန်နဲ့ အခြေအနေချင်းမတူတော့ဘူး။ အရင်တုန်းကဆို အခက်အခဲကြားက တားမြစ်တာတွေ စောင့်ကြည့်တာတွေ မှတ်တမ်းယူတာတွေ သတင်းယူ တာတွေ ရှိပါတယ်။ အခု မရှိပါဘူး။”

ဒီနေ့ ကျင်းပတဲ့ပွဲမှာ   စာပေလောက အသိုင်းအ၀ိုင်းက  စာရေးဆရာတွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး လူထုဒေါ်အမာ အမှတ်တရ အမှာစကားတွေ ပြောကြားကာ ဂုဏ်ပြု ကဗျာတွေကိုလည်း ရွတ်ဆိုခဲ့ကြပါတယ်။

လူထုဒေါ်အမာ အမှတ်တရစကား ပြောကြားပေးခဲ့တဲ့ စာရေးဆရာ ကျော်ရင်မြင့်က  အခုနှစ်မှာ တက်ရောက်သူတွေ ပိုစုံလင်ပြီး  အရင်ထက်စာရင်  ပြောရဲဆိုရဲ ပိုရှိလာတဲ့ အကြောင်းနဲ့  လူထုဒေါ်အမာရဲ့ စာပေတွေဟာ စာပေသမားတွေရော  ပြည်သူလူထုအတွက်ပါ စေတနာထား ရေးသားခဲ့တဲ့စာတွေ ဖြစ်တာကြောင့် ခုချိန်ထိ ကျေးဇူးကြီးနေဆဲပါလို့ အမှတ်တရစကား ပြောသွားပါတယ်။

“ကျနော်ပြောခဲ့တာကတော့ စာရေးတဲ့သူတွေအပေါ်မှာ အမေလူထုဒေါ်အမာရဲ့ ကျေးဇူး အင်မတန်ကြီးတဲ့အကြောင်းနဲ့ အမေမာရဲ့ စိတ်ဓာတ်ကို ပြောခဲ့ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ကျေးဇူးက လူတိုင်းအပေါ်မှာ တော်တော်များများရှိတယ်။ ကျနော်တို့ စာရေးသားတာ၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်းခဲ့တာက အစ သူကျနော်တို့ကို သွန်သင်ဆုံးမပေးခဲ့တာလေ။ ကျနော့်ချည်းပဲ မဟုတ်ဘူး၊ လူတိုင်းအပေါ်မှာ သူက အဲဒီလို စေတနာ မေတ္တာထားတယ်။ ပြည်သူလူထုအပေါ်မှာ  သူရေးတဲ့ စာတွေကလည်း စေတနာပါတဲ့အတွက်ကြောင့်မို့လို့ သူမရှိတော့ပေမယ့်လည်း သူ့ကို အမှတ်ရ သတိရပြီး လေးစားတဲ့အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို မွေးနေ့ပွဲ လုပ်တာပါ ခင်ဗျ။”

လူထုဒေါ်အမာ ၉၈ နှစ်မြောက်မွေးနေ့ပွဲမှာ  မြန်မာ့နိုင်ငံရေး ဆောင်းပါးတွေ လေ့လာ ရေးသားနေတဲ့ ပြည်ပသတင်းစာဆရာ ဘာတေးလ်လင့်တနာလဲ တက်ရောက် အမှတ်တရစကား ပြောကြားခဲ့ပြီး လူထုဒေါ်အမာရဲ့ သားဖြစ်သူ ရဲဘော်သံချောင်း ပြည်ပကနေ ပေးပို့တဲ့ကဗျာ၊ တော်ဘုရားလေး ဦးအောင်ဇေရဲ့  ကဗျာတွေလည်း ပါဝင်ရွတ်ဆိုခဲ့ကြပါတယ်။

၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာဟာ  မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး   မြန်မာ့ စာပေ စာနယ်ဇင်း လောကရဲ့ မီးရှုးတန်ဆောင် အဖြစ် တင်စားခဲ့ကြတာ ဖြစ်ပါတယ်။

လူထု ဒေါ်အမာဟာ  ကွယ်လွန်ချိန် ၂၀၀၈ ခုနှစ်အထိ အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲ ရပ်တည်ရေးသားခဲ့တဲ့ စာပေတွေကြောင့် လူထုအပေါ် စာပေဩဇာကြီးမားပြီး လူထုရဲ့မေတ္တာကို ခံယူရရှိသူ စာရေးဆရာမကြီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013