DVB Logo
Home
Lead Story
လက်ကားယား ခြေကားယား တရုတ်မူဝါဒ မေ့လိုက်ပါတော့
DVB
·
June 29, 2021
လက်ကားယား ခြေကားယား တရုတ်မူဝါဒ မေ့လိုက်ပါတော့
Donate to DVB

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြတဲ့ပွဲကို အကြောင်းပြုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စကစရဲ့ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဇွန်လ ၁၀ ရက်က တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံပွဲမှာ ဝမ်ယိက စကစ ရဲ့ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကို “မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေ ဘယ်လိုပဲ ပြောင်းပြောင်း ပြည်ပဆက်ဆံရေးအခြေအနေတွေ ဘယ်လိုပဲရွေ့ရွေ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံနေမှာပါ။ မြန်မာနိုင်ငံက သူ့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း ဖွံ့ဖြိုးရေးပုံစံ ရွေးချယ်တဲ့အပေါ် တရုတ်နိုင်ငံက ထောက်ခံနေမှာပါ” လို့ပြောဆိုခဲ့ပါတယ်။ ဖတ်ရင်း မျက်ရည်ကျမိပါတယ်။ ဝမ်းသာလို့ကျတဲ့ မျက်ရည်တော့ မဟုတ်ပါဘူး။ ခံပြင်းလို့ကျတဲ့ မျက်ရည်ပါ။

ဝမ်ယိ ပြောတဲ့ အဓိပ္ပmယ်ကတော့ ရှင်းပါတယ်။ မြန်မာပြည်မှာ ဘယ်သူပဲ အာဏာရရ အာဏာရတဲ့သူနဲ့ တရုတ်နိုင်ငံက အဆင်ပြေအောင်ပေါင်းပြီး သူ့နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်မှာပဲဆိုတဲ့ အဓိပ္ပmယ်ပါပဲ။ ဝမ်ယိရဲ့ စကားမှာ မြန်မာပြည်သူတွေရဲ့ ခံစားချက်၊ မျှော်လင့်ချက်ဆိုတာတွေ မူးလို့တောင် ရှူစရာမတွေ့ပါဘူး။ မြန်မာပြည်သူတွေ တရုတ်နိုင်ငံအပေါ် နာကြည်းတာလည်း မဆန်းပါဘူး။ သေချာအလေးအနက်သုံးသပ်ရင် ဇွန်လ ၁၀ ရက် ဝမ်ယိရဲ့ စကားတွေဟာ ဧပြီ ၂ ရက် ဝမ်ယိရဲ့ စကားတွေကို ချေဖျက်လိုက်ကြောင်း တွေ့ရမှာပါ။

ဧပြီ ၂ ရက်နေ့မှာ ဝမ်ယိက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး  သုံးချက်ဆောင်၊ သုံးချက်ရှောင်ဆိုတဲ့ မူကို ချပြခဲ့ပါတယ်။ ဆောင်ရမယ့် သုံးချက်ထဲက တချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အင်အားစုအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်တွေ အတွင်းက တွေ့ဆုံဆွေးနွေးပြီး ခက်ခက်ခဲခဲ ဖော်ဆောင်ထားရတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရမယ်လို့ ရပ်တည်ထားတာပါ။ ဇွန်လ ၁၀ ရက် ဝမ်ယိ ပြောစကားတွေ ကြည့်လိုက်ရင် အင်အားစုအားလုံး တွေ့ဆုံဆွေးနွေးရမယ်ဆိုတာက ပျောက်နေသလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုတာကိုလည်း မတွေ့ရပါဘူး။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း ဖွံ့ဖြိုးရေးပုံစံဆိုတာကိုပဲ ပြူးခနဲ ပြဲခနဲ တွေ့နေရပါတယ်။ သဘောကတော့ မအလတို့ ဘာပဲလုပ်လုပ်ပေါ့။

ပြောရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ဟာ စကတည်းက မှားနေတာပါ။ စစ်တပ်က သူတို့ကိုယ်တိုင် ဦးဆောင်ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘောင်ကျော်၊ တည်ဆဲဥပဒေတွေကို လျစ်လျူရူပြီး အာဏာသိမ်းခဲ့တာပါ။ စစ်တပ်က အာဏာသိမ်းတာကိုပဲ တရုတ်အစိုးရက “အစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြောင်းလဲခြင်း” ဆိုတဲ့ အရှက်ပြေ မျက်နှာဖုံးစွပ် ပေးလိုက်ပါသေးတယ်။ စစ်တပ်က မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲကို ဘေးချိတ်ပြီး အာဏာသိမ်းလိုက်တာကို တရုတ်အစိုးရက “ဘာမျှဟုတ်တဲ့ ကိစ္စမဟုတ်ပါဘူး” ပုံစံမျိုး ချိုးလိုက်တဲ့အပေါ် မြန်မာပြည်သူက မခံပြင်း၊ မနာကြည်းဘဲ ဘယ်ရှိပါ့မလဲ။ တရုတ် အစိုးရက အာဏာသိမ်းခံလိုက်ရတဲ့ ပြည်သူတွေထက် အာဏာသိမ်းလိုက်တဲ့ စစ်တပ်အပေါ်မှာပဲ အရေးထားနေတာကို။ မြန်မာပြည်မှာ အာဏာရှိတဲ့သူ ငါ့လူဆိုတဲ့ တရုတ်အစိုးရရဲ့သဘောက ဖုံးမရ၊ ဖိမရ ပေါ်လွင်နေတာပါ။

ဒီတော့ တရုတ်နိုင်ငံဘက်က “ဟေ့ မင်းတို့ မြန်မာနိုင်ငံကိစ္စ ငါတို့အရေးလား” လို့ ပြန်ပက်နိုင်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ကိစ္စကို မြန်မာနိုင်ငံသားတွေကပဲ ကြိုးပမ်းဖြေရှင်းကြရမှာပါ။ ဒါပေမဲ့ မိုင်ပေါင်းထောင်ချီဆက်စပ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြည်သူတွေရဲ့ခံစားချက်က နှစ်နိုင်ငံရေရှည်ဆက်ဆံရေးကို ပုံဖော်ပြဋ္ဌာန်းပေးမှာပါ။ အတိတ်ကာလမှာ တရုတ်အစိုးရက (နဝတ၊ နအဖ) စစ်ကောင်စီတွေနဲ့ “သေဖော်ရှင်ဖက်”လို လက်တွဲခဲ့တဲ့အပေါ် မြန်မာပြည်သူတွေရဲ့ ခံပြင်းနာကြည်းမှုက ရှိနေခဲ့ပြီးသားပါ။ ဒီလို ရေခံ မြေခံမှာ ဝမ်ယိက “ဟေ့ မင်းတို့နိုင်ငံမှာ ပြည်သူတွေကို ဘယ်လိုပဲ သတ်သတ် ငါတို့ကိစ္စ မဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်အောင် ရပ်တည်ခဲ့ရင်တော့ တရုတ်နိုင်ငံဟာ မအလအပေါ်မှာ ပုံအောလောင်းလိုက်တာပါ။ ဒီတော့ မအလ နိုင်ခဲ့ရင် လေးဆမြတ်မှာဖြစ်သလို မအလ ရှုံးခဲ့ရင်လည်း လေးဆ လျော်ရမယ်ဆိုတာကိုတော့ မေ့မထားဖို့ လိုအပ်ပါတယ်။ တကယ်တော့လည်း မအလ နိုင်စရာလည်း မရှိပါဘူး။ မအလ ရှုံးမယ်ဆိုတာက လက်ဆုပ်လက်ကိုင် မဖြစ်သေးပေမယ့် လှမ်းမြင်နေ တွေ့နေရပါပြီ။ 

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံပါတယ် ပြောပြီး “တနေ့ထက် တနေ့ ပြည်သူတွေကို တိုးတိုးသတ်နေတာကို မရပ်တန့်နိုင်။ ထောင်ထဲ ပြည်သူတွေ များသထက် များနေတာကိုလည်း မဟန့်တားနိုင်။ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နေနေသာသာ၊ ဖိနှိပ်မှု နည်းလမ်းပေါင်းစုံ စုံသထက်စုံနေတာကိုလည်း မတားဆီးနိုင်။” ဒီလို ဒီလို လက်ကားယား ခြေကားယား အခြေအနေမှာ တရုတ်နိုင်ငံက အာဆီယံကို ရှေ့တန်းတင်ပြီး ငါတို့လို အပြုသဘော ဆက်ဆံမှ မြန်မာပြည် တည်ငြိမ်၊ တိုးတက်မယ် ပြောနေတာကတော့ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ “ပေါက်ဖော်ကြီးရေ ဆွေမျိုးဆိုတာ မေ့လိုက်ပါတော့” လို့ပဲ ကြိမ်းဝါးနေတော့မှာပါ။

လေရိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013