DVB Logo
Home
Lead Story
သတင်းများကပြောသည့် မြန်မာ့တော်လှန်ရေး(၁)
DVB
·
June 24, 2021
သတင်းများကပြောသည့် မြန်မာ့တော်လှန်ရေး(၁)
Donate to DVB

ဇွန်လတတိယပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်  ထူးခြားဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့သည်။ ဇွန် ၁၈ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရပ်ထားသည့် စစ်ကားပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။

စစ်ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်တနေ့ ဇွန် ၁၉  ရက်တွင် အွန်လိုင်းပေါ်တက်လာသည့် ဗီဒီယိုကလစ်က ပိုစိတ်ဝင်စားဖွယ်ဖြစ်သည်။ ရိုက်ကူးသူက ဗုံးကွဲတော့မည်ကို သိသဖြင့် စောင့်ရိုက်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်ထောင်ထားသည့် ဗုံးက ဝုန်းကနဲ ထပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်းများအရ တက္ကစီတစီးပေါ်မှ ဗုံးပစ်သွားဟုဆိုသော်လည်း ဗုံးပေါက်မည်ကို ကြိုသိ၍ ရိုက်ကူးထားသည့် ဗီဒီယိုကလစ်အရ ဗုံးကကြိုထောင်ထားတာဖြစ်နိုင်ခြေများသည်။ ထိုအရာကိုသေချာစေသည့် သတင်းဆောင်းပါးတပုဒ်  Myanmar Now တွင် ဇွန် ၂၁ ရက်က တက်လာသည်။ မြို့ပြပြောက်ကျားတိုက်ပွဲနှင့် တပ်တွင်းမှ ကူညီမှုဟူသည့်ဆောင်းပါးတွင်  ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို ပြောသည်။

“ဒီလိုနေရာမျိုးတွေဆိုတာ ကျနော်တို့ အပြင်လူတွေ ဝင်လို့ထွက်လို့ရတဲ့နေရာတွေ မဟုတ်ဘူး။ စစ်ကားနားဆိုတာက စစ်ယူနီဖောင်းမပါဘဲနဲ့ ကပ်လို့ရတဲ့ နေရာတွေမှ မဟုတ်တာ”။

ထို့အပြင် ယခုကဲ့သိုဆက်ပြောထားသည်။ “စစ်ကောင်စီရဲ့ လက်အောက်မှာရှိနေပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ CDM ဝင်ချင်နေတယ်။ မိသားစုက လိုင်းခန်းထဲမှာရှိနေတာကြောင့် မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်နေပေမယ့် ကျနော်တို့ကို  တစ်ဖက်တစ်လမ်းကနေပြီး ကူညီနေတဲ့ ကျနော်တို့ သူငယ်ချင်း တပ်မတော်သားတွေရဲ့အကူအညီ အများကြီးရခဲ့ပါတယ်” ။

စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၁၇၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း  ဝန်ခံပြောထားသည်။

သို့သော်လည်း ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုမူ စစ်ကောင်စီက လျှို့ဝှက်ထားသည်။ တာမွေစစ်ကားဗုံးပေါက်ကွဲမှုသတင်းကို စစ်ကောင်စီ၏ ပြန်ကြားရေးက ထိမ်ချန်ထားသည်။ (စစ်ကောင်စီသည် မိုးဗြဲနှင့် ဒီးမော့ဆို တော်လှန်သတင်းများကိုလည်း လုံးဝထုတ်ပြန်ခြင်းမရှိဘဲ ထိမ်ချန်ထားသည်။)

ဇွန် ၂၂  နံနက်ပိုင်း မန္တလေးမြို့ပစ်ခတ်မှုများက  မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အကြမ်းဖက်စစ်တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင်တဦး၏ မီဒီယာကိုပြောကြားချက်အရ ပစ်ခတ်မှုအတွင်း  PDFတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ၆ ဦးအဖမ်းခံလိုက်ရသည်။

မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က “ကျနော်တို့ ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ပြောသည်။

(ဗိုလ်ထွန်းတောက်နိုင်ဆိုသည့် လူငယ်လေး မီဒီယာနှင့်ပြောတာ ညက်ညောပြီး အပိုအလိုမရှိ တည်တည်ငြိမ်ငြိမ် တုံပြန်ပြောဆိုနိုင်တာ သတိထားမိသည်။ အလားတူလူငယ်များ များများ စားစားရှိရန်လိုသည်)။ တကယ်တော့ အဆိုပါနေ့ကပစ်ခတ်မှုသည် မထင်မှတ်ဘဲ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုဖြစ်ပြီး သတင်းပေါက်ကြားမှုကို သတိပြုစရာဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုအပြီးတွင် မန္တလေးမြို့ပေါ်၌ တင့်ကားကြီးများဖြတ်သန်းသွားလာပြီး အကြမ်းဖက်စစ်တပ်က အင်အားပြခြိမ်းခြောက်တာမျိုး လုပ်ခဲ့သည်။ ရန်ကုန်စစ်ကားဗုံးပေါက်ကွဲမှုအပြီးနှင့် မန္တလေးပစ်ခတ်မှုများအပြီးတွင် မြို့တွင်းသွားစစ်ကားများ၏ ဒီဇိုင်းများပြောင်းကုန်သည်။ ရန်ကုန်စစ်ကားများတွင် သံဆန်ခါ (ဇကာ) တပ်ဆင်မောင်းနှင်နေတာ တွေ့ရပြီး မန္တလေးစစ်ကားကမူ တမူထူးစွာစစ်သားများခေါင်းပေါ်တွင် မွှေ့ယာများတင်ပြီး မောင်းနှင်ခဲ့ကြခြင်း ဖြစ်သည်။ အများပြည်သူအကြား ရယ်ပွဲဖွဲ့စရာ ဖြစ်ခဲ့သော်ငြား ထိုအရာသည် အကြမ်းဖက်စစ်တပ်၏ နောက်ကျောမလုံမှု တနည်း ကြောက်စိတ်ကိုဖော်ပြနေခြင်းဖြစ်သည်။

မန္တလေးပစ်ခတ်မှုအပြီး နောက်တရက်ဖြစ်သည့် ဇွန် ၂၃ တွင် စစ်တပ်ဘက်က အရာရှိကြီးများ မန္တလေးပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဆိုသော သတင်းများ တက်လာသည်။ မန္တလေးမြို့ပေါ်တိုက်ပွဲတွင် PDF လက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ ဗိုလ်မှူးကြီးအောင်မျိုးကျော်ဖြစ်ပြီး ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၁ မှ ဖြစ်သည်ဟု အဆိုပါ အရာရှိနှင့် သိကျွမ်းသည့် မြို့ခံတစ်ဦးက Myanmar Now ကို ထိုနေ့ညပိုင်းတွင် အတည်ပြုသည်။ ဇွန် ၂၂ ရက်ညနေက Myanmar Now  တွင်တင်ထားသည့်သတင်းဖြစ်သည်။ အဆိုပါသတင်းအရ မန္တလေးပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ၄ ဦးသေဆုံးခဲ့သည်။

နောက်ထပ် RFA သတင်းတပုဒ်ကလည်း ယခုကဲ့သိုရေးတင်ထားသည်။ "ဇွန်လ ၂၂ ရက်နေ့ မနက် ၇ နာရီကျော်က ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ (ပထမတန်း) (စစ်ရေးဌာန) ဗိုလ်မှူးကြီးတဦး ကျဆုံးခဲ့တယ်လို့ သတင်းရပါတယ်။ စစ်တပ်အတွင်းမှာ အေဝမ်းလို့ ခေါ်ကြတဲ့ အဲဒီ ဦးစီးအရာရှိဟာ တိုက်ပွဲတွေကို ဦးစီးသူမဟုတ်ဘဲ Staff Officer လို့ခေါ်တဲ့ သာမန် ရုံးထိုင်အရာရှိသာဖြစ်တယ်လို့လည်း စစ်တပ်အသိုင်းအဝန်းက RFA ကိုပြောပါတယ်”။

တိုက်ပွဲဖြစ်ပွားရာ ၅၄ လမ်းနဲ့ ၁၁၁ လမ်းထောင့်က PDF ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့ ရှိနေသည့် တိုက်ဝင်းတခုကို အဆိုပါ ဗိုလ်မှူးကြီးက ကားငယ်တစီးဖြင့် ဝင်ရောက်သွားခဲ့ရာမှာ PDF များက ခုခံပစ်ခတ်သဖြင့် သူနှင့်အတူ အခြား ဗိုလ်အဆင့်ရှိသူတဦး သေဆုံးသွားသည်ဟု ဆိုပါသည်။

Myanmar Now သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ယခု သေဆုံးသွားသူသည် ဗိုလ်မှူးကြီးအောင်မျိုးကျော် ဆိုသူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ က ဆင်းသူဟု ဖော်ပြထားပါသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးကတော့ စစ်တပ်ဘက်က အကျအဆုံးသတင်းကို ထိန်ချန်ထားပြီး   PDF အကျအဆုံးသတင်းကိုသာ ပစ်ခတ်မှုဖြစ်ပွားသည့်နေ့ မွန်းလွဲပိုင်းအချိန်တွင် အစောဆုံး ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသတင်းနှင့်စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ထုတ်ပြန်မည်ဟုလည်း စစ်ကောင်စီပြန်ကြားရေးကဆိုထားသည်။ 

ကင်းမရွာမီးရှို့ခံရသည့်သတင်းကိုလည်း စစ်တပ်ကလုပ်သည်မဟုတ်ဘဲ ရွာသားများက  မီးရှို့သွားခြင်းဖြစ်သည်ဟု စစ်ကောင်စီက လေးငါးရက်ကြာ ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခဲ့ဖူးသည်။ စစ်ကောင်စီပြန်ကြားရေးက ဤကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်လျှင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက လုပ်သည်ဖြစ်ကြောင်း  ရာခိုင်နှုန်းပြည့်မှန်ကန်နေတတ်သည်ကို တွေ့ရလေ့ရှိသည်။

ရန်ကုန်နှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲမှုများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားအပြီး ဇွန် ၂၃ ရက်တွင် ပြည်သူများ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် NUG သတိပေးချက်ထုတ်ပြန်ဟူသည့် သတင်း ဒီဗွီဘီသတင်းဌာနတွင်တက်လာသည်။ လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတိပေးချက် ထုတ်ပြန်ထားပါသည်။ 

သတိပေးချက်တွင်  အရေးပေါ်အိတ်ကို ကြိုတင်ပြင်ဆင်ထားရန်၊ နေအိမ်ကို စွန့်ခွာရတော့မည့် အခြေအနေဖြစ်ပါက ဆောင်ရန်ရှောင်ရန်များ၊ နိုးကြားသတိရှိရန် တိုက်တွန်းထားသည်။ သတင်းများက ဆက်စပ်နေသည်ကို တွေ့မြင်နိုင်သည်။ D-Day နီးပြီထင့်...။

သတင်းများက ပြောနေသည့် မြန်မာ့နွေဦးတော်လှန်ရေးဖြစ်စဉ်များပင် ဖြစ်တော့သည်။

သစ်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013