DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို ဒီဇင်ဘာလတွင် သွားရောက်မည်
DVB
·
November 27, 2013
သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို ဒီဇင်ဘာလတွင် သွားရောက်မည်
Donate to DVB

ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် ဂျပန်-အာစီယံ ထိပ်သီးအစည်းအဝေးကို  မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဆူအာဘေးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံချိန်မှာ ရထားပို့ဆောင်ရေး ကိစ္စကို အဓိက အချက် တခု အနေနဲ့ ဆွေးနွေးသွားမယ်လို့ မီးရထားသံလမ်း ပြုပြင်ရေး ပစ္စည်းလှူဒါန်းပွဲကို တက်ရောက်လာတဲ့  မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် ဒုတိယ သံအမတ် မစ္စတာ မာရူယာမာ က ပြောကြားသွားခဲ့တာပါ။

u thein seinမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်  ဒုတိယသံအမတ် မရူယာမ (MARUYAMA) က “နောက် ဒီဇင်ဘာလ မှာဆိုရင် သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် ဂျပန် အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ ဂျပန်ပြည်ကို လာရောက်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ကျတော်တို့ ၀န်ကြီးချုပ် ရှင်ဆူအာဘေးနဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ အဓိက ဆွေးနွေးမယ့် အချက် ၁ ချက်ကတော့ ရထားပို့ဆောင်ရေးကိစ္စကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့ အခန်းအနားကစပြီး ဂျပန်အစိုးရနဲ့ မြန်မာ့အစိုးရကြားမှာ ရထားပို့ဆောင်ရေး ကဏ္ဍမှာ  ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ တိုးတက်လာမယ်လို့ ကျတော် ထင်ပါတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်နဲ့ ဂျပန်ပို့ဆောင်ရေးဝန်ကြီးတို့ မြန်မာနိုင်ငံကို လာရောက်စဉ်က သမ္မတဦးသိန်းစိန်ကိုယ်တိုင်  ပို့ဆောင်ရေးကန်ဏ ဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။၂၀၁၂ ခုနှစ် ဧပြီလအတွင်း သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက်ခဲ့စဉ်ကလည်း မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးဖို့ ဂျပန်ဝန်ကြီးချုပ်ထံကနေ ကတိက၀တ်တွေ ရရှိခဲ့တယ်လို့ အဲ့ဒီအခန်းအနားကို တက်ရောက်လာတဲ့ ရထားပို့ဆောင်ရေးဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဦးသန်းဌေး ပြည်ထောင်စုဝန်ကြီး က “အဲ့ဒီအချိန်ကစပြီးတော့  အခုအထိ ဂျပန်နိုင်ငံအစိုးရ၊ မြေယာ၊ အဆောက်အဦ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး ဆိုင်ရာဝန်ကြီး အပါအ၀င် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အင်ဂျေစီ JICA၊ ဂျပန် နိုင်ငံတကာပို့ဆောင်ရေး အဖွဲ့အစည်း၊ ဂျပန်ကုမ္ပဏီအဖွဲ့များက ကိုယ်စားလည်များက ရထားပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားဌာနတို့နဲ့ စဉ်ဆက်မပျက် လာရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်နေပါပြီ။”လို့ ပြောဆိုပါတယ်။

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား မီးရထားပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ်ကတည်းက ဂျပန်နိုင်ငံအစိုးရထံကနေ ချေးငွေနဲ့ ထောက်ပံ့ငွေ တွေရယူခဲ့ပြီး ရထားစက်ခေါင်း၊ လူစီးတွဲ ကုန်တွဲ ရထားသံလမ်း၊ စက်ပစ္စည်းတွေ ၀ယ်ယူ အသုံးပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်တွေမှာတော့ OECF ချေးငွေ ဂျပန်ယမ်း ၁၂၃ ဘီလီယံ ကျော်အထိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဂျပန်အစိုးရထံကနေ ချေးယူခဲ့ပါတယ်။

အခုအချိန်မှာတော့ ဂျပန်နိုင်ငံအစိုးရက ရန်ကုန်-မန္တလေး မီးရထားလမ်း လုံခြုံရေးနဲ့ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် ရန်ကုန်ပဲခူးကြား ရထားလမ်း ပြုပြင်ထိန်းသိမ်းမှု ခေတ်မှီနည်းစနစ်များကို လွဲပြောင်းပေးနိုင်ရေးဆောင်ရွက်နေပါတယ်။

ဒါ့အပြင် သံလမ်းပြုပြင်ထိန်းသိမ်းရေး  ပစ္စည်း ၇၄ မျိုး၊ အရေအတွက်အားဖြင့် ၆၁၀ ခုကို တင်သွင်းလာနေပြီး ဂျပန်နိုင်ငံက ပညာရှင် ၁၀ ဦးက မြန်မာ့မီးရထား ၀န်ထမ်းတွေကို သင်တန်းပို့ချပေးနေပါတယ်။ ဒီအခန်းအနားမှာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေး အဖွဲ့အစည်း JITI က မြန်မာနိုင်ငံ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနကို မီးရထားသံလမ်း ပြုပြင်ထိန်းသိမ်းရေးမှာ အသုံးပြုတဲ့ ပစ္စည်းအမျိုးစား ၄ မျိုး အရေအတွက် အားဖြင့် ၃၁ ခုကို တို့ကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013