DVB Logo
Home
Lead Story
တယ်လီဖုန်း ခိုးနားထောင်မှုကြောင့် အင်ဒိုနီးရှားနဲ့ ဩစတြေးလျ ဆက်ဆံရေး အေးစက်
DVB
·
November 27, 2013
တယ်လီဖုန်း ခိုးနားထောင်မှုကြောင့် အင်ဒိုနီးရှားနဲ့ ဩစတြေးလျ ဆက်ဆံရေး အေးစက်
Donate to DVB

ဩစတြေးလျနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီတွေက အင်ဒိုနီးရှား သမ္မတနဲ့ သူရဲ့ အတွင်းစည်းက လူတွေရဲ့ တယ်လီဖုန်းတွေကို ခိုးနားထောင်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အင်ဒိုနီးရှားနိုင်ငံက အိမ်နီးချင်း ဩစတြေးလျနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု အားလုံးကို ပယ်ဖျက်ပစ်လိုက်ပြီး လူမှောင်ခိုမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆိုင်းငံ့ထား လိုက်ပါတယ်။

[caption id="attachment_47099" align="alignnone" width="300"]ဩစတေးလျ နိုင်ငံခြားရေး ၀န်ကြီး အလက်ဆန္ဒား ဒေါင်နာနဲ့ အင်ဒိုနီးရှားသမ္မတ တို့ တွေ့စုံစဉ် ဩစတေးလျ နိုင်ငံခြားရေး ၀န်ကြီး အလက်ဆန္ဒား ဒေါင်နာနဲ့ အင်ဒိုနီးရှားသမ္မတ တို့ တွေ့စုံစဉ်[/caption]

ဒီစွပ်စွဲချက်တွေဟာ ဖော်ထုတ်ဖွင့်ချသူ အက်ဒ်ဝပ်စနိုးဒင်ရဲ့ ဖော်ထုတ်ချက်တွေကို သတင်း မီဒီယာတွေမှာ ပုံနှိပ်ဖော်ပြလိုက်တဲ့ အထောက်အထားတွေအရ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စပိုင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွဲတခုထဲက နောက်ဆုံး ထွက်ပေါ်လာတာ ဖြစ်ပြီး မဟာမိတ် ၂ နိုင်ငံကြား ဆက်ဆံရေးမှာ အကျိတ်အခဲ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။.

နောက်ဆုံး ပေါက်ကြားလာခဲ့တဲ့ အထောက်အထားတွေက ဩစတြေးလျထောက်လှမ်းရေး
အေဂျင်စီတွေက သမ္မတ ဆူဆီလို ဘန်ဘင်းယူဒိုအိုနိုရဲ့ တယ်လီဖုန်း၊ သမ္မတကတော်ရဲ့ဖုန်းနဲ့ ဒုတိယသမ္မတရဲ့ ဖုန်းတွေ ခိုးနားထောင်ခဲ့သလို တခြားအကြီးတန်း ၀န်ကြီးတွေရဲ့ဖုန်းတွေ ကိုလည်း လွန်ခဲ့တဲ့ ၄ နှစ်က ခိုးနားထောင်ခဲ့ပါတယ်။

အင်ဒိုနီးရှား သမ္မတ ယူဒိုအိုနို စိတ်ထိခိုက်သွားပြီး စပိုင်လုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ စစ်အေးတိုက်ပွဲရဲ့ နည်းပရိယာယ်တွေနဲ့ အတူတူပဲလို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ ယူဒိုအိုနိုက သမ္မတနန်းတော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဖြစ်ရပ်တွေဟာ ခါတိုင်းလိုတော့ ဆက်မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။

“ကျနော်က ကျနော်တို့ ၂ နိုင်ငံကြားက ပူးတွဲ စစ်ရေး လှုပ်ရှားဆောင်ရွက်မှုတွေကို ရပ် ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ခင်ဗျားတို့ သိတဲ့အတိုင်း လူမှောင်ခိုမှုနဲ့ ပတ်သက်ပြီး ဘုံပြဿနာကို ကျနော်တို့ ရင်ဆိုင်နေရပြီး အဲဒါကို ရပ်ပစ်ဖို့ ကျနော်တို့ရဲ့ ပူးတွဲ တုန့်ပြန်မှုတွေကိုလည်း ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဖြစ်ရပ်တွေ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့ အထိပေါ့လေ။ စပိုင်လုပ်တာ မရှိတော့ဘူးဆိုတာ ကျနော်တို့ အသေအချာ စိတ်ချရတဲ့အထိတော့ ခါတိုင်းလို ဆက်မဖြစ်နိုင်ပါဘူးဗျာ။”

ဩစတြေးလျက အာဖဂန်နစ္စတန်လို စစ်ပွဲဒဏ်သင့်နိုင်ငံတွေက ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကနေ လှေတွေနဲ့ ဩစတြေးလျကို လူမှောင်ခိုသွင်းနေတဲ့ကိစ္စကို ရပ်ဆိုင်းပစ်ဖို့ အင်ဒိုနီးရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေပါတယ်။

ဒီကိစ္စဟာ ဩစတြေးလျမှာ တကယ့် အရေးတကြီး ကိုင်တွယ်နေရတဲ့ ကိစ္စတခု ဖြစ်ပြီး အဲဒီလို လှေနဲ့ခိုးသွင်းတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတဲ့အပေါ် အိမ်နီးချင်း ၂ နိုင်ငံ အကြားမှာ တင်းမာမှုတွေ ရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။.

ဒီလ အစောပိုင်းမှာ ဩစတြေးလျကို လာတဲ့လှေတစီး အင်ဒိုနီးရှားက ထွက်ခွာလာပြီးတဲ့
အချိန်မှာ ဒုက္ခတွေ့နေခဲ့လို့ အဲဒီလှေပေါ်က ခိုလှုံခွင့် လိုချင်သူတွေကို လက်ခံပေးဖို့
ဩစတြေးလျနိုင်ငံရဲ့ တောင်းဆိုမှုကို အင်ဒိုနီးရှားက ငြင်းပယ်ခဲ့ပါတယ်။

ဩစတြေးလျနဲ့ အင်ဒိုနီးရှားဟာ ၂ နိုင်ငံ သံအမတ်ကြီးတွေကို ပြန်လည်ခေါ်ယူတာမျိုးတွေ အပါအ၀င် သံတမန်ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ကာလရှည်ကြာ သမိုင်းကြောင်းလည်း ရှိနေခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက ချောင်းနားထောင်တာဟာ ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပြီး အဲဒါဟာ တစိမ်းဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ကျနော်တို့က ဒီပြဿနာကို မဖန်တီးခဲ့ပါဘူး။ ဩစတြေးလျက သူပြဿနာ သူ ရှာခဲ့တာပါပဲ။ ကျနော်တို့က ကျနော်တို့ရဲ့အခွင့်အာဏာအနေအထားကို ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က ဩစတြေးလျအပြုအမူရဲ့ သားကောင်တွေ ဖြစ်ရတာပါ။ ဩစတြေးလျက သူတို့ လုပ်ဆောင်ခဲ့တာကို ချက်ချင်း ရှင်းပြရပါမယ်။ နောက် အရေးအကြီးဆုံးကတော့ သူတို့ အဲဒီမျိုး ထပ်မလုပ်ဖို့ပါပဲ။”

ဩစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့ကတော့ ဒီ စွပ်စွဲ ပြောဆိုမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ စိတ်အနှောက်အယှက် ဖြစ်ရမှုတွေ အတွက် ၀မ်းနည်းပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကြောင်းကျိုးတကျ ရှိတဲ့ ထောက်လှမ်းရေး စုစည်းမှု၊ လှုပ်ရှားဆောင်ရွက်မှုလို့ သူကခေါ်တဲ့ဟာ အပေါ် တောင်းပန်တာကိုတော့ ရပ်ဆိုင်းပစ်လိုက်ပါတယ်။

အင်ဒိုနီးရှားရဲ့ အဓိက စီးပွားရေးအုပ်စုတွေကတော့ ဒီ လိပ်ခဲတင်းတင်းဖြစ်မှုဟာ စီးပွားရေး ဆက်ဆံမှုကို ထိခိုက်နိုင်တယ်လို့ ပြောကြပါတယ်။

အင်ဒိုနိးရှားနဲ့ ဩစတြေးလျ ၂ နိုင်ငံကြားမှာ လွန်ခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး
ဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ကျော် ရှိခဲ့ပါတယ်။

အင်ဒိုနီးရှား ကုန်သွယ်ရေးအဖွဲ့ရဲ့ ဦးစီး ဖြစ်တဲ့ ဆူအာယို ဘန်းဘင်း ဆူလစ်တီယိုကတော့
အင်ဒိုနီးရှားဟာ ဩစတြေးလျ စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်သွင်းတဲ့နိုင်ငံ တခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ စီးပွားရေးဆက်ဆံမှုက အားကောင်းပါတယ်။ ပိုပြီး ကောင်းမွန်လာပါပြီ။ ဥပမာ ကျနော်တို့က ဩစတြေးလျရဲ့ အသားတင်သွင်းမှုအပေါ်မှာ အများကြီး ပျော့ပျောင်း ပါတယ်ဗျာ။ နောက် ကျနော်တို့ဟာ ဩစတြေးလျနွားတွေအတွက် အကြီးမားဆုံးဈေးကွက်ပါ။ ဒါကြောင့် သူတို့ စီးပွားရေးအရ အရေးပါတဲ့ ဆုံးရှုံးမှုတော့ ရှိမယ်လေ။”

သူက ဩစတြေးလျဟာ အင်ဒိုနီးရှားရဲ့၁၀ နိုင်ငံမြောက် အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ပါတယ် လို့ ဆိုပါတယ်။

ဆက်ဆံရေးဟာ အင်ဒိုနီးရှားက မြေလှန်ရှင်းလင်းရေး မူဝါဒမှာ ၀င်ရောက်ခဲ့ပြီး သူတပ်တွေကို ပြန်ခေါ်ယူလိုက်ပြီးချိန်မှာ ဩစတြေးလျက အရှေ့တီမောကို သူတပ်တွေ စေလွှတ်ပေးခဲ့တဲ့ ၁၉၉၉ ခုနှစ် မှာ နောက်ဆုံး ပိုပြီး အေးစက်လာခဲ့တာပါ။

အဲဒီကာလထဲမှာ အင်ဒိုနီးရှားကလည်း သူအနေနဲ့ ဩစတြေးလျ နိုင်ငံရေးသမားတွေ ရဲ့ဖုန်းတွေကို ခိုးနားထောင်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

ရက်ဘက်ကာ ဟင်ရှ်ခေ က အာရှဒေသ သတင်းဆောင်းပါး ကဏ္ဍ အတွက် သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013