DVB Logo
Home
မြန်မာသတင်း
အေအိုင်ဒီအက်စ် သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဩစတေးလျကိုထွက်ခွာ
DVB
·
November 26, 2013
အေအိုင်ဒီအက်စ် သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဩစတေးလျကိုထွက်ခွာ
Donate to DVB

ကုလသမဂ္ဂ အေအိုင်ဒီအက်အဖွဲ့ UNAIDS ရဲ့ ချစ်ကြည်ရေးသံတမန်  ဒေါ်အောင်ဆန်းစုကြည်ဟာ  ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို  တက်ရောက်ဖို့အတွက်   ဩစတြေးလျနိုင်ငံကို  နိုဝင်ဘာ ၂၆ ရက်နေ့မွန်းလွဲပိုင်းက  ပထမဆုံးအကြိမ် ခရီးထွက်ခွာသွားပါတယ်။

z2 copyဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြိုကို  သီတင်း တပတ်ကြာ ထွက်ခွာသွားတာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပြောခွင့်ရသူ  ဦးဥာဏ်ဝင်းက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ ဆစ်ဒနီ အော်ပရာဟော့စ်မှာ ဆစ်ဒနီ အခြေစိုက် မြန်မာ မိသားစုတွေနဲ့  တွေ့ဆုံမှာ ဖြစ်သလို အချိန်ရရင် မြန်မာ အသိုင်းအ၀န်းက ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး ကျန်းမာရေး နိုင်ငံရေး မေးခွန်းတွေကို  မေးမြန်းသွားမယ့် အကြောင်း ဩစတြေးလျက ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြိုဆိုရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မြင့်ချိုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩစတြေးလျခရီးစဉ်ဟာ ဩစတြေးလျနိုင်ငံ ဘုရင်ခံချုပ်ရဲ့ ဖိတ်ကြား   ချက်နဲ့ နိုင်ငံတော် ဧည့်သည်အဖြစ် ဖိတ်ကြားထားတဲ့အတွက် ဩဇာ ပိုကြီးတဲ့အကြောင်း မြန်မာနိုင်ငံ အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အကြောင်းကိုတော့ ဒေါက်တာ မြင့်ချိုက အခုလို ပြောပါတယ်။

“ရောက်လာတဲ့ အခါမှာ လက်ရှိ ညွှန့်ပေါင်းအစိုးရနဲ့ ၀န်ကြီးချုပ် နောက် နိုင်ငံခြားရေး ၀န်ကြီး၊ အထင်ကရလွှတ်တော် အမတ်တွေနဲ့ တွေ့ဖို့ရှိတော့ နိုင်ငံရေးအရ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု ကင်းမဲနေတာတွေ၊ ငြိမ်းချမ်းရေး မရသေးတာတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ ခက်ခဲနေတာတွေအပေါ်မှာ ဩစတေးလျ အစိုးရကနေ နိုင်ငံရေးအရ နည်းပညာပိုင်းအရ ထောက်အကူရအောင်အများကြီး ရလာအောင် ဒေါ်အောင်ဆန်းစုကြည်ကနေ ဆွဲဆောင်ပြီးတော့ ဆွေးနွေးမယ်လို့ ယုံကြည်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေအပေါ်မှာလည်း ဩစတေးလျကနေ ဘဏ္ဍာရေး အကူအညီတွေ နည်းပညာရာ အကူအညီတွေ အပြင် တက္ကသိုလ်တွေနဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေ အကုန်လုံးကို မြန်မာနိုင်ငံကို အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ နောက် လူသားချင်းစာနာတဲ့ အကူအညီဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေကို ကူညီမယ့် ကိစ္စတွေ တောထဲ တောင်ထဲမှာ ရွှေ့ပြောင်း ပုန်းအောင်းနေရတဲ့ လူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ကိစ္စတွေ နောက်ပြီးတော့ ကျနော်တို့ လူမျိုးရေး ဘာသာရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေပေါ်အခြေခံပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း ကူညီမယ့် ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က ဩစတေးလျအစိုးရကို တိုက်တွန်းပြီးတော့ အကူအညီတောင်းမယ်လို့ ကျနော်တို့ အဲဒီလိုပဲ ယုံကြည့်ပါတယ် ခင်ဗျ။”

ဒေါက်တာ မြင့်ချိုပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်းမှ ဩစတြေးလျ အမျိုးသား တက္ကသိုလ်နဲ့ မဲလ်ဘုန်းက မွန်နက်ခ်ျ တက္ကသိုလ်တို့ကို သွားရောက်ပြီး ပညာရေး ဆွေးနွေးမှုတွေကို ပြုလုပ်သွားဖို့ ရှိတယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁ ရက်နေ့ မဲလ်ဘုန်းမြို့မှာ ကျင်းပမယ့်  ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောဖို့ရှိပြီး  ဩစတေးလျမှာ ကျင်းပဖို့ရှိတဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာ  အေအိုင်ဒီအက်စ် ညီလာခံ ၂၀၁၄ ကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ  ဒေါက်တာ တင်မာအောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေနဲ့ ဆက်ဆံရေးနဲ့ သံတမန်ရေးရာ အရာရှိ ဦးမိုးဇော်ဦးတို့ လိုက်ပါသွား ပြီး မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013