DVB Logo
Home
မြန်မာသတင်း
ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၂၃ ဦး တရားစွဲဆိုခံရ
DVB
·
November 26, 2013
ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၂၃ ဦး တရားစွဲဆိုခံရ
Donate to DVB

ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က  ထွန်တုန်းတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမား ၂၃ ဦးကို Asia World ကုမ္ပဏီ တဖြစ်လည်း    Green Asia ကုမ္ပဏီကနေပြီး  ပုဒ်မ ၄၄၇ နယ်မြေကျူးကျော်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

farmer-yewint-thu1ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာအပါအ၀င် ကျေးရွာပေါင်း ၉ ရွာက လယ်ဧက တသောင်း ကျော်ကို  အေရှားဝေါလ်ကုမ္ပဏီအပါအ၀င် ကုမ္ပဏီ ၁၆ ခုကနေပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက် ဖို့ဆိုပြိး ၂၀၀၈ ခုနှစ်က ဒေသခံလယ်သမားတွေကို  ကမ်းလှမ်းခဲ့ပါတယ်။

ကမ်းလှမ်းချိန်က ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ (၃) နှစ်တာကာလသာ လုပ်ကိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ထိုကာလကျော်လွန်ပါက မိမိတို့ လယ်ယာမြေများမှ ကုမ္ပဏီများ ထွက်ခွာပြီး လယ်သမားတွေကို လယ်ယာလုပ်ခွင့်ပြန်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာလို့  လယ်သမားတွေက ပြောပါတယ်။

ဒါပေမယ့်  ၂၀၀၉ ခုနှစ်မှာ လယ်သမားတွေကို လယ်လုပ်ခွင့်မပေးတဲ့အပြင်  ကုမ္ပဏီတွေက လယ်သမားတွေကို မောင်းထုတ်ခဲ့ပါတယ်။   လယ်သမားတွေကလည်း ၂၀၁၂ ခုနှစ် အစိုးရသစ် လက်ထက်ကျမှာ  သူတို့ပိုင် လယ်မြေထဲကို ပြန်လည်သွားရောက်ပြီး လယ်ယာမြေတွေပြန်ရရေး  ထွန်တုန်းတိုက်ပွဲဝင်တဲ့အတွက် ကုမ္ပဏီက ပိုင်နက်ကျုးလွန်မှုနဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

ဒီကနေ့ လယ်သမားတွေကို   ဒဂုံတောင် ဆိပ်ကိမ်းမြို့နယ် တရားရုံးမှာ Green  Asia ကုမ္ပဏီက မန်နေဂျာ  ဦးညွန့်ဦးခိုင်ဆိုသူက  တရားလိုလုပ်ပြီး တရားစွဲဆိုတာလို့  လယ်သမားတွေရဲ့ ရှေ့နေ ကို ဖိုးဖြူက ပြောပါတယ်။

“အခု သုံးနှစ်တာ ကာလကို ကျော်လွန်သွားပြီးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အတွက်က လယ်ယာမြေတွေကို ပြန်လည် လုပ်ဖို့အတွက် သဘောတူခဲ့တဲ့ ပဋိညာဉ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ခြင်းကြောင့်  လယ်ယာမြေတွေကို မူလ လက်ငုတ်အခြေအနေအတိုင်းပဲ ပြန်လည် အကျိုးခံစားတဲ့ အနေနဲ့ စိုက်ပျိုးထွန်ယက်တာ သုံးသီးစားတောင် ရောက်နေပြီ။ သုံးသီးစားတောင်ရောက်နေတဲ့ အခြေအနေ မှာ အခု အေးရှားဝေါ ကုမ္ပဏီကနေ တောင်သူ လယ်သမား ၂၃ ဦးကို အမှုပေါင်း ၇ မှုနဲ့ တရားစွဲတယ်။ အကျိုးတူ ပဋိညာဉ် သက်တမ်းကာလ ကုန်ဆုံးသွားလို့ ကိုယ့်လယ်ကိုယ်စိုက်တာဟာ အပြစ်မဟုတ်ဘူးလို့ ကျနော်တို့ ဥပဒေကြောင်းအရ မြင်မိတယ်။ နောက်တချက်က တောင်သူလယ်သမားတွေ ဘက်က အကျိုးတူ လယ်ယာလုပ်ငန်းလုပ်မယ်လို့ ပြောပြီး လယ်ယာတွေကို လိမ်လည် ရယူခဲ့တယ်လို့ အမှုဖွင့်စဉ်တုန်းကတော့ အမှုမဖွင့်ပေးခဲ့ဘူး။ ရဲစခန်းကလည်း မဖွင့်ပေးဘူး။ တရားရုံးကလည်း မဖွင့်ပေးဘူး။ ဒါပေမယ့်လို့ ကုမ္ပဏီတွေက ကျူးကျော်မှုနဲ့ အမှုဖွင့်တဲ့အခါမှာ အမှုပွင့်သွားတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တောင်သူလယ်သမားတွေဟာ ဥပဒေရှေ့မှောက်မှာ တန်းတူ အခွင့်အရေး မရဘူးလို့ မြင်မိပါတယ်။”

လယ်သမားတွေဘက်ကလည်း ပြန်လည်တရားစွဲဆိုတာတွေရှိပေမယ့်  တရားရုံးက လက်ခံတာ မရှိဘဲ ကုမ္ပဏီက စွဲဆိုမှုကိုပဲ  လက်ခံခဲ့တာဖြစ်တဲ့အကြောင်းနဲ့ ခုလို  တရားစွဲဆိုမှုကို လက်မခံနိုင်ဘူးလို့လည်း လယ်သမားတွေက ပြောပါတယ်။

တရားစွဲခံရတဲ့လယ်သမား ဦးမြင့်အောင် က “ကျနော်တို့ လယ်တွေမှာ သူတို့က လယ်ယာလုပ်ငန်းလုပ်တာ မအောင်မြင်ဘူး။ မအောင်မြင်တဲ့အပေါ်မှာ ကျနော်တို့ သူတ၀က်ကိုယ်တ၀က်လုပ်ဖို့ကော လယ်တွေကို လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် တောင်းဆိုတာ မရဘူး။ မရတော့ ထွန်တုံးတိုက်ပွဲဝင်တယ်။ တိုက်ပွဲဝင်တဲ့အခါမှာလည်း တရားရစွဲဆိုခံရမှုကလည်း တကယ်တမ်း ကျနော်တို့က မူလ လယ်ပိုင်ရှင်တွေကို ကျူးကျော်တယ်လို့ ပြောတာကို ဘယ်လို လက်ခံရမလဲဗျာ။” လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက သမ္မတ ဦးသိန်းစိန် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဒီဒေသကို ကိုယ်တိုင်သွားရောက်ပြီး  ကုမ္ပဏီတွေနှင့် ဒေသခံတောင်သူ လယ်သမားတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပြီး  လယ်မြေတွေကို  သိမ်းယူမှာ မဟုတ်ကြောင်း  ထည့်သွင်း ကတိပြုသွားခဲ့တယ်လို့လည်း ဒီအမှုနဲ့ ပတ်သက်တဲ့ လယ်သမားတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013