
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာမှာ အမျိုးသားတစ်ယောက်ကို ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
“စစ်ကောင်စီတပ်တွေ လာတုန်းကတော့ ဘေးလွတ်ရာကို ပုန်းနေသေးတယ်။ သူတို့မရှိတော့ဘူး ထင်တာနဲ့ ဦးစိန်မင်း သူ့အိမ် သူပြန်ကြည့်တာ။ အဲဒါဒီကောင်တွေနဲ့ တန်းတိုးတာ။ ပထမ ပစ်ခတ်ဖမ်းတယ်။ ဒဏ်ရာရလို့ လဲနေတော့ ပစ်သတ်တယ်။ အဲဒီလို ပစ်သတ်ပြီးတော့ တူမီးသေနတ်ကို ဦးစိန်မင်းဘေးချပြီး လက်နက်ကိုင် အဖွဲ့ဝင်ပုံစံ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူသွားကြတယ်” လို့ မိချောင်းတွင်းရွာသား တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်အတွင်းက ကင်းကျေးရွာကိုလည်း မနေ့က လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ အမျိုးသားတွေ တွေ့ရင် အသေသတ်မယ်လို့ ပြောဆိုကာ ကျေးရွာအတွင်းကို ဝင်ရောက်ရှာဖွေဖျက်ဆီးပါတယ်။
သူတို့နဲ့ ထိပ်တိုက်ဖမ်းမိတဲ့ ပြည်သူတွေကို သေလုမြောပါး ရိုက်နှက်ပြီး ဓားနဲ့မွှန်းတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုအလုပ်ခံရတဲ့သူတွေအထဲမှာ အမျိုးသား ၂ ဦးဟာ ရက်ရက်စက်စက် ရိုက်နှက်ခံရပြီး ဓားနဲ့ပါ အမွှန်းခံရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဒေသခံကျေးရွာသားတွေ ဆီကနေ သိရပါတယ်။
မနေ့က ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်လုပ်မိုင်း၊ တူမီးသေနတ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ် ၁ စီး လေကာမှန် မိုင်းစထိမှန်ကွဲအက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မပေါက်ကွဲသေးတဲ့ လက်လုပ်ကားမိုင်း ၂ လုံးအား တွေ့ရှိ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီး အမျိုးသား ၁ လောင်းအား တူမီးသေနတ် ၁ လက်နဲ့ အတူ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။