DVB Logo
Home
Lead Story
ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဆော်ဒီအာရေးဗီးယားမှာ သောင်တင်နေ
DVB
·
November 26, 2013
ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ဆော်ဒီအာရေးဗီးယားမှာ သောင်တင်နေ
Donate to DVB

ဆော်ဒီအာရေးဗီးယားက အထောက်အထားလက်မှတ်တွေ မရှိတဲ့ ထောင်သောင်းချီတဲ့ အလုပ်သမားတွေကို ဆော်ဒီအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့သလို နေရပ် ပြန်ပို့ကြပါတယ်။

[caption id="attachment_47051" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]ဘုရင့်နိုင်ငံရဲ့ စီးပွားရေးဟာ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေက လုပ်ခလစာ နည်းနည်းပဲ ပေးရတဲ့ အလုပ်သမားတွေအပေါ်မှာ အမှီပြုခဲ့ရတာ ကာလ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဆော်ဒီနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းက မြင့်တက်လာနေတဲ့အတွက် ဒီ နှိမ်နှင်းမှု ဖြစ်လာခဲ့တာပါပဲ။

ခေတ်မီ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ငံခြား အလုပ်သမားတွေ နဲ့ တည်ဆောက်ခဲ့တာပါ။

နိုင်ငံထဲမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက နိုင်ငံခြားသား အလုပ်သမားတွေ ခန့်မှန်းခြေ ၉ သန်းလောက်ဟာ ဆောက်လုပ်ရေး လုပ်ငန်းကနေ အိမ်အလုပ်အထိ အလုပ်ပေါင်းစုံကို လုပ်နေကြပါတယ်။

ဒါပေမယ့် ဆော်ဒီနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုကြောင့် အစိုးရက အစောပိုင်းတုန်းက လက်မှတ်မရှိတဲ့ အလုပ်သမားတွေကို အထောက်အထား လက်မှတ်ရယူကြဖို့
ဒါမှမဟုတ် နိုင်ငံက ထွက်ခွာသွားကြဖို့ လွတ်ငြိမ်းခွင့်ပြု ထားပေးခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာတော့ အဲဒီ လွတ်ငြိမ်းခွင့်က ကုန်ဆုံးသွားခဲ့ပါပြီ။

ဖိလစ်ပိုင် ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေသူ ဂါရီမာတီနက်ဇ်က

“ဒီကိစ္စမှာ ထိခိုက်ခံရတဲ့ ဖိလစ်ပိုင်တွေ ထောင်သောင်းချီ ရှိနေပါသေးတယ်။ ဖိလစ်ပိုင်တွေ အမျာကြီးဟာ ကျနော်တို့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ရှေ့မှာ တန်းစီ နေကြဆဲပါဗျာ။ နောက် သူတို့ မိသားစုဝင်တွေက သူတို့ ချစ်တဲ့သူတွေကို ဘယ်လိုပြန်ခေါ်ရမှာလဲဆိုတာ မေးနေတဲ့ တယ်လီဖုန်း ခေါ်ဆိုမှုတွေကလည်း အများကြီး ရှိနေပါ တယ်။”လို့ ပြောပါတယ်။

ဂါရီမာတီနက်ဇ်က အခုဆို ဖိလစ်ပိုင်ကို ပြန်ချင်နေကြတဲ့ ထောင်သောင်းချီတဲ့ အလုပ်သမားတွေ ဆော်ဒီအာရေးဗီးယားမှာ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ အကူအညီ လုံလောက်အောင် မရကြပါဘူးလို့ ပြောပါတယ်။

“ဆော်ဒီအာရေဗီးယားမှာ ရှိနေတဲ့ ဖိလစ်ပိုင် တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း သူတို့ တောင်းဆိုတာတွေကို နားမထောင်ကြဘူးဗျ။ အဲဒါဟာ ဖိလစ်ပိုင် အလုပ်သမားအများစုက ရီယာ က ကျနော်တို့ သံရုံးရဲ့ ပြင်ပနဲ့ ဂျက်ဒါက ကောင်စစ်ဝန်ရုံးရှေ့မှာ တဲတွေ ဆောက်ပြီး နေကြဖို့ ဆုံးဖြတ်ခဲ့ကြရတဲ့ အကြောင်းပေါ့ ဗျာ။”

နောက် ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အလုပ်လုပ်နေရင်း နိုင်ငံခြားသား အလုပ်သမား တွေ ရင်ဆိုင်နေရတဲ့ တချို့ကိစ္စတွေက ဘာတွေပါလဲ။

“ကာဖာလာစနစ်နဲ့ ဆော်ဒီအာရေးဗီယားနဲ့ ဖိလစ်ပိုင်အစိုးရကြားက တာဝန်ယူမှု အစီအစဉ်ကြောင့် အလုပ်သမားတွေဟာ သူတို့ အလုပ်တွေကို ပြောင်းလို့ မရပါဘူး။ ဘာလို့ဆိုတော့ သူတို့က လုပ်ငန်း သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့လို့ပါပဲဗျာ။ သူတို့ထဲက တချို့ဆို မတော်မတရား ပြုမူဆက်ဆံခံရ၊ တချို့က မုဒိမ်းကျင့်ခံရ ပြီး တချို့ကတော့ မနက် ၅ နာရီကနေ ညနေ ၃နာရီ အထိ အလုပ်လုပ် နေကြရပါတယ်။ သူတို့ဟာ လစာ မရကြသလို သူတို့ရဲ့ခရီးသွားလာခွင့် အထောက်အထားလက်မှတ်တွေကိုလည်း ထိမ်းထားတာ ခံကြရ၊ သူတို့ကိုင်ဆောင်တဲ့ ဖုန်းတွေကိုတောင် ထိမ်းချုပ်ခံကြရပါတယ်ဗျာ။”

နိုင်ငံခြားသားအလုပ်သမား အင်အားစုရဲ့ ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ကတော့ တရားမ၀င် နေထိုင်နေကြတာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ကေဗီရှမ်ဆူဒင်းက အိန္ဒိယအလုပ်သမားတွေကို သူတို့ရဲ့ ငွေကြေးကိစ္စတွေ စီမံထိန်းချုပ်မှုကို အကူအညီပေးနေတဲ့ ယူအေးအီး ရာဝါဆီ ဘန်ဒူ သက်သာချောင်ချိရေးအဖွဲ့ကြီးကို ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူက အတော်များများ အထောက်အထားလက်မှတ် မရှိတဲ့ လူမျိုးတွေက ဘုရားဖူး လာခဲ့ကြ တာပါ။ နောက် အဲဒီမှာပဲ ဆက်နေပြီး အလုပ်လုပ်ကြပြီး အလုပ်ရှင်တွေရဲ့ မတော်မတရား ပြုမူ ဆက်ဆံတာကို ခံခဲ့ကြရတယ်လို့ ပြောပါတယ်။

“အလုပ်ရှင်တွေက လစာတွေကို ခေါင်းပုံဖြတ်ပါလိမ့်မယ်။ နောက် နေရာထိုင်ခင်းနဲ့ တခြား အဆင်ပြေအောင် လုပ်ပေးရမှာတွေ အားလုံးကိုလည်း ဒီလိုပဲ လုပ်ပါလိမ့်မယ်။ အဲဒါတင် မဟုတ်သေးပါဘူး။ အလုပ်သမားတွေ အားလုံးဟာ သူတို့ကို တာဝန်ယူ ဗီဇာရအောင် လုပ်ပေးခဲ့တဲ့သူတွေကိုလည်း သူတို့ရဲ့ လစာထဲက တချို့ကို ပြန်ပေးရပါတယ်။ ဒီတော့ ခေါင်းပုံဖြတ်တာတွေ အများကြီးဖြစ်နေတာပေါ့ဗျာ။ ဒါပေမယ့် တရားဝင် လုပ်ငန်းစဉ်အောက်မှာ အလုပ်သမားတွေ အားလုံးကို တရားဝင်အောင် လုပ်ပေးတဲ့အချိန်မှာ အဲဒီ ခေါင်းပုံဖြတ်မှုမျိုးတွေ ရှိမှာ မဟုတ်တော့ပါဘူး။”

ရှမ်ဆူဒင်းကတော့ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နှင်းတာဟာ ဆော်ဒီအ ရေးဗီးယားနိုင်ငံမှာ ရေရှည် နိုင်ငံခြားသားတွေကို ဖယ်ရှားပစ်ဖို့ လက္ခဏာတခုတော့ မဟုတ်ဘူးလို့ ယုံကြည်ထားပြီး နိုင်ငံခြားသား အလုပ်သမားတွေ လုပ်နေတဲ့ ကိုယ်တိုင် အားစိုက်လုပ်ရတဲ့ လုပ်ခလစာ နည်ပါးတဲ့ အလုပ်မျိုးတွေကို နိုင်ငံသားတွေက လုပ်လိုစိတ်မရှိကြဘူးလို့ ဆိုပါတယ်။

“အဲဒါက နိုင်ငံသားတွေ မလုပ်ချင် တဲ့အလုပ်တွေပါ။ ဒါကြောင့် သူတို့က နောက် ၂၅ နှစ်လောက်အထိ အနည်းဆုံး နိုင်ငံခြားသား အလုပ်သမားတွေ အများကြီး လိုအပ်နေအုံးမှာပါပဲ။ ဒီတော့ သူတို့က ရိုးရှင်းလွယ်ကူအောင် လုပ်ပေးပြီး နိုင်ငံခြား အလုပ်သမားတွေကို တရားဝင် ဖြစ်အောင် လုပ်တဲ့အခါ နိုင်ငံခြားသားတွေက တရားဝင် အလုပ်သမားတွေအဖြစ် အလုပ်ပြန်လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီး ရလာကြပါလိမ့်အုံးမယ်။ ဒီတော့ လစာနှုန်းထားတွေ မြင့်တက်လာသလို နေရာထိုင်ခင်းနဲ့ သယ်ယူပို့ဆောင်ရေးလိုကိစ္စတွေက တိုး တက် လာပါလိမ့်မယ်။ အဲဒါတွေ အားလုံးဟာ နိုင်ငံခြားသား အလုပ်သမားတွေအတွက် ကောင်းလာမယ့်ဟာတွေပေါ့ဗျာ။”

နောက် ဂါရီမာတီနက်ဇ်က ဒီလို နှိမ်နှင်းပေမယ့် နောက် လာမယ့်နှစ်တွေမှာလည်း ဖိလစ်ပိုင်အလုပ်သမားတွေဟာ ဆော်ဒီအာရေးဗီးယားကိုပဲ ဆက်ပြီးလာနေကြလိမ့်အုံးမယ် လို့ ပြောပါတယ်။

“ဆော်ဒီဟာ ဈေးပေါတဲ့ လုပ်အားကို လိုနေတဲ့အတွက် ဒုက္ခရောက်ရတဲ့နိုင်ငံ ဖြစ်နေအုံးမှာပါပဲ။ သူတို့က အန္တရာယ်ရှိတဲ့ အလုပ် ၃ ခု ဖြစ်တဲ့ ညစ်ပတ်၊ ခက်ခဲ အန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေ လိုနေပါတယ်။ နောက်တခုကတော့ ဘယ် ဆော်ဒီနိုင်ငံသားကမှ သူတို့ နေရာကို ၀င်ယူချင်စိတ် မရှိကြတာပါပဲ။”

ရေဒီယို ဩစတြေးလျက ဘီလ်ဘာတဲလ် က သတင်းရယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013