DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေး နေ့စဉ် တက်နေ
DVB
·
November 26, 2013
ဒေါ်လာဈေး နေ့စဉ် တက်နေ
Donate to DVB

ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးနေတဲ့ ရည်ညွန်းနိုင်ငံခြားငွေလဲနှုန်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကစလို့ နေ့စဉ် အတက်ဘက်မှာဘဲ ရှိခဲ့တဲ့အတွက် အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ဒီနေ့မှာဆိုရင် ၉၈၁ ကျပ် ရှိလာပြီး တနေ့ကို ပျမ်းမျှ ၁ ကျပ်နှုန်းလောက်နဲ့ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

A woman counts U.S. dollars after exchanging her yen at a money changer in Tokyoရည်ညွန်း နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲနဲ့အတူ ငွေလဲကောင်တာတွေမှာ ရောင်းဝယ် နေတဲ့ ဈေးနှုန်းကလဲ လိုက်ပါ ပြောင်းလဲမှု ရှိခဲ့လို့ ဒီနေ့မှာဆိုရင် အမေရိကန် ၁ ဒေါ်လာရဲ့ ၀ယ်ဈေးက ၉၈၃ ကျပ်နဲ့ ရောင်းဈေးက ၉၈၈ ကျပ် ရှိနေတယ်လို့ ၀ယ်ဈေးနဲ့ ရောင်းဈေးက ပြီးခဲ့တဲ့ရက်ပိုင်းနဲ့ ယှဉ်ရင် ၁၀ ကျပ်အထိ မြင့်တက်မှု ရှိလာတယ်လို့ ငွေလဲကောင်တာတွေက ဆိုပါတယ်။

ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက အခုလို အပြောင်းအလဲ ရှိလာတာဟာ ဈေးကွက်ရဲ့ စီးပွားရေးစနစ် သဘောသဘာဝအရ အတက်အကျရှိတာ ဖြစ်ပေမယ့် တည်ငြိမ်တဲ့ ဈေးနှုန်း အတက်အကျ ဖြစ်ဖို့တော့ လိုတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော ဈေးကွက်ထဲမှာ ဒေါ်လာတန်ဖိုး အပြောင်းအလဲ ရှိလာတာနဲ့ ပတ်သတ်ပြီး ဦးသန်းလွင်က “ပို့ကုန်တွေ များလာလို့ ဖြစ်မှာပါ။ လိုအပ်ချက်ကများလာတော့ ပို့ကုန်တွေများလာတယ်။ အခုဆိုရင် ဒေါ်လာလိုက်ဝယ်ကြတယ်။ စီးပွားရေးကောင်းလာတော့ ပို့ကုန်လိုအပ်ချက်တွေ တက်လာတယ်။ ပို့ကုန်လိုအပ်ချက် များလာတော့ ဒေါ်လာလည်း ဈေးတက်လာတယ်။ လောလောဆယ်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မတည်ငွေ ဒေါ်လာရှားပါးလာရင် ဈေးအလိုလို တက်လာတယ်။ အတက်မကြမ်းဖို့လိုတယ်။ အကျမကြမ်းဖို့လိုတယ်။” လို့ ပြောပါတယ်။


ဒါအပြင် အနာဂတ်ကာလကျရင် ပြည်တွင်းမှာ နိုင်ငံခြားငွေကြေးဈေးကွက် (foreign exchange market) ပေါ်ပေါက်လာပါက ငွေတန်ဖိုး အတက်အကျက နာရီပိုင်းအတွင်း ရှိလာမှာ ဖြစ်လို့ အခုလို တနေ့ချင်းစီ အတက်အကျ ရှိလာမှာ မဟုတ်ဘူးလို့ ဦးသန်းလွင်က ဆိုပါတယ်။

ငွေလဲ ကောင်တာတွေမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းက အခုလို နေ့စဉ် အပြောင်းအလဲ ရှိလာတာကြောင့် ရောင်းတဲ့၊ ၀ယ်တဲ့နေရာမှာ ထိန်းပြီးတော့ ၀ယ်ရောင်းလုပ်ဖို့ မှာကြားထားတဲ့အကြောင်း သမ၀ါယမဘဏ်က အရာရှိတဦး ကအခုလို ပြောပါတယ်။

“ဈေးတွေက မငြိမ်တော့ဘူးနော်။ မငြိမ်တော့ အရောင်းအ၀ယ်ကို ထိန်းပြီးတော့ ရောင်းပါ ၀ယ်ပါလို့ပဲ အစ်မတို့ လက်ခွဲတွေကို ပြောထားတယ်။ ဘာကြောင့်လည်းဆိုတော့ အခုအချိန်က ဈေးက ဘာမှန်းမသိသေးဘူးပေါ့နော်။ အခုရက်ပိုင်းအတွင်းမှာတင် တနေ့ နည်းနည်း တက်သွားတော့လေ။ ဒီထက်ပိုတက်ရင် ကိုယ့်ဘက်က ဖြစ်မှာဆိုတော့။ မရောင်းပေးလို့လည်း မရဘူး။ အခြေအနေကိုကြည့်ပြီး ရောင်းချပေးဖို့ ကလေးတွေကို မှာထားပါတယ်။”

နိုင်ငံခြားငွေကို ထိန်းပြီး ရောင်းချပေးဖို့ ညွန်ကြားထားပေမယ့် နိုင်ငံခြားမှာ ဆေးသွားကုမယ့် သူတွေလို မဖြစ်မနေ လိုအပ်တဲ့သူတွေအတွက် အချက်အလက် အထောက်အထားပေါ် မူတည်ပြီး ရောင်းချပေးပါတယ်လို့ သူက ဆိုပါတယ်။

ဘဏ်တွေ အပါအ၀င် ပုဂ္ဂလိကငွေလဲကောင်တာတွေမှာ အမေရိကန်ဒေါ်လာ လဲလှယ် ရောင်းဝယ်ခွင့်နဲ့ ပတ်သတ်လို့ နိုင်ငံတော်ဗဟိုဘဏ်က လူတဦးကို ဒေါ်လာ ၁ သောင်းဖိုးအထိ လဲလှယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားငွေရောင်းဝယ်တာကို အစိုးရက ထိန်းချုပ်နှုန်းရှင်စနစ်နဲ့ ၂၀၁၂ခုနှစ် ဧပြီလက စတင်ခွင့်ပြုခဲ့ပြီး ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေကို လဲလှယ်နိုင်ဖို့ စံသတ်မှတ်ချက်တခုအနေနဲ့ နေ့စဉ် ရည်ညွန်း နိုင်ငံခြားငွေလဲနှုန်းကို ဗဟိုဘဏ်က တာဝန်ယူ ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013