DVB Logo
Home
Lead Story
တရုတ်ရဲ့ သံတမန်ရေး မာယာပရိယာယ်
DVB
·
June 16, 2021
တရုတ်ရဲ့ သံတမန်ရေး မာယာပရိယာယ်
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က  တရုတ်ပြည်၊ ချုံကင်းမြို့မှာ နှစ်(၃၀)မြောက် တရုတ်-အာဆီယံပူးပေါင်း ဆောင်ရွက်မှု နှစ်ပတ်လည်အစည်းအဝေးတရပ် ကျင်းပခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါတယ်။ CRPH ကဖွဲ့စည်းလိုက်တဲ့ NUG အစိုးရ အဖွဲ့ကိုယ်စားလှယ်တယောက်မှ မပါဝင်နိုင်ခဲ့ပါဘူး။ တရုတ်က ဖိတ်လည်းမဖိတ်၊ အကြောင်းလည်း မကြားဘူးလို့ဆိုပါတယ်။

ဒီအစည်းအဝေးကို ဦးစီးကမကထပြုတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားရာမှာ ဝမ်ယိက မြန်မာ့အရေးနဲ့ပတ်သတ်ပြီး အာဆီယံအဖွဲ့ကြီးရဲ့ ဦးဆောင်ဦးရွက်ပြု ပူးပေါင်းဆောင်ရွက်မှုကို တရုတ်ပြည်က အပြည့်အဝအားပေးထောက်ခံကြောင်း မြန်မာပြည်တည်ငြိမ်ရေးနှင့်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေးမှာ ပြည်သူတရပ်လုံးအကျိုး စီးပွားအတွက် အစုအဖွဲ့အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြမ်းဖက်မှုတွေ လုံးဝ အဆုံးသတ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်မှန်သမျှ တရုတ်ပြည်က ထောက်ခံကြိုဆိုကြောင်း၊ ပြဿနာ အားလုံးကို ဥပဒေဘောင်အတွင်းက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာသင့်ကြောင်း၊ မြန်မာပြည်ရဲ့ အသွင်းကူးပြောင်းရေးလုပ်ငန်းစဉ်မှန်သမျှ တရုတ်ပြည်က ထောက်ခံအားပေးသွားမှာ ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် စားဝတ်နေရေးစီးပွားရေးအရ ဖြေရှင်းရာမှာ တရုတ်ပြည် အနေဖြင့် ဝိုင်းဝန်းကူညီသွားမှာဖြစ်ကြောင်း၊ တချို့နိုင်ငံတွေရဲ့ တဘက်သတ်ကန့်သတ်ပိတ်ဆို့မှုနှင့် မသင့်လျှော်တဲ့ ဖြေရှင်းနည်းတွေ ကျင့်သုံးဖို့ ကြိုးစားမှုမှန်သမျှ တရုတ်ပြည်က ကန့်ကွက်ဆန့်ကျင်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီသာ ဖြေရှင်းသင့်ကြောင်း ပြောဆိုတင် ပြသွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မိန့်ခွန်းကို သာမန်ကာလျှံကာ နားထောင်ပြီး အပေါ်ယံ ကြည့်ဆုံးဖြတ်ကြမယ်ဆိုရင် မြန်မာ့ပြဿနာအတွက် အတော်စိုးရိမ်ပူပန်သောကရောက်နေသလိုလို တရားမျှတမှုလိုလားတဲ့ ခုံသမာဓိမင်းလိုလို လိုအပ်သမျှကူညီဖြေရှင်းပေးမယ့် ဂရုဏာရှင်ကြီးလိုလို ထင်စရာရှိပါတယ်။

ဒါပေမဲ့ စကားလုံးတွေ ဘယ်လိုလိမ္မာပါးနပ်စွာ သုံးစွဲထားပေမယ့် တရုတ်ရဲ့ နိုင်ငံရေးသဘောထားနဲ့ ရပ်တည်ချက်ကတော့ လက်တွေ့မှာ ရှင်းပါတယ်။ တရုတ်ရဲ့ နိုင်ငံရေး သဘောထားက မြန်မာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှာ တည်ရှိစေချင်ပြီး ဒီမိုကရေစီ လိုလားတောင်းဆို နေတဲ့ ပြည်သူတွေရဲ့လည်ပင်းကို စစ်ဖိနပ်နဲ့ ဆက်ပြီး နင်းထားစေချင်တာပါပဲ။ ဒီသဘောထားကို လက်တွေ့ပုံဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားနဲ့ ပုလင်းတူဘူးဆို့ မဟာမိတ်ဖွဲ့ပြီး အာရှမှာ အာဏာရှင်တပည့်တွေ အများစုပါဝင်တဲ့ အာဆီယံအဖွဲ့နဲ့ အသုံးတည့် နေတာပါပဲ။ အာဆီယံအဖွဲ့မှာ မလေးရှား၊ အင်ဒိုနီးရှားတို့က လွဲရင် တရုတ်က ကြိုက်သလို ခေါ်ခိုင်းလို့ရတဲ့ တရုတ်ရဲ့ သမ္မတလူကြမ်း အဖွဲ့ပါပဲ။ ဒါကြောင့်လည်း လုံခြုံရေးကောင်စီမှာ မြန်မာနဲ့ ပတ်သတ်လို့ မျက်နှာမရ ခြေထောက်ရ ဆိုသလို အကြိမ်ကြိမ် ဗီတို ထုတ်သုံးနေရတဲ့ တရုတ်ဟာ အာရှမှာ သူ့ကိုယ်စား အာဆီယံအဖွဲ့ကို တာဝန်လွှဲထားလိုက်တာပါပဲ။

အာဆီယံကလည်း ဆရာကောင်းတပည့်ပန်းကောင်းပန် ဆိုသလိုပါပဲ။ ဧပြီ  ၂၄  ရက်နေ့က ဂျကာတာ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီက အာဏာသိမ်းတယ် ဆိုတဲ့ စကားလုံးကို မသုံးစွဲရဲခဲ့ကြပါဘူး။ အနည်းဆုံး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ဘယ်သူမှမတောင်းဆို ရဲကြပါဘူး။ ဒီခေါင်းဆောင်တွေ ပြန်မလွှတ်ပဲ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အဆိုပြုတဲ့ အစုအဖွဲ့တွေ အားလုံးပါဝင်ရေး ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီအစည်းအဝေးမှာ ဝမ်ယိက အကြမ်းဖက်မှုတွေ အဆုံးသတ်ပစ်ရေးဆိုတဲ့ စကားလုံးကို ပထမဆုံး သုံးစွဲ လိုက်ပါသေးတယ်။

အရင်စစ်ကောင်စီက ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန်က မသုံးစွဲခဲ့ပါဘူး။ အခုနောက်ပိုင်း NUG က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး တုံ့ပြန်တိုက်ခိုက်လာချိန်မှ သုံးစွဲခဲ့တာပါ။ ဆိုလိုတာကတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့ စွပ်စွဲထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုတွေ အဆုံးသတ် ပစ်ဖို့ တရုတ်က တောင်းဆိုလာတာဖြစ်ပါတယ်။ ဝမ်ယိပြောတဲ့ တဖက်သတ်ပိတ်ဆို့မှုနဲ့ မသင့်လျှော်တဲ့ နည်းလမ်းတွေ မကျင့်သုံးဖို့ဆိုတာ အမေရိကန်၊ EU နိုင်ငံတွေအနေနဲ့  စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု တွေစစ်ကောင်စီအပေါ် မကျင့်သုံးဖို့၊ R2P ကို မတောင်းဆိုကြဖို့ ကာကွယ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ခြုံကြည့်ရင် တရုတ်-အာဆီယံ ချုံကင်းဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ အဖွင့်မိန့်ခွန်းဟာ ပျော့ပြောင်းနူးညံ့ပြီး သံတမန်ရေးပရိယာယ်ကြွယ်ဝလှပေမယ့်  မြန်မာပြည်ပြဿနာအပေါ် တရုတ်ရဲ့ သဘောထားကို မီးမောင်းထိုးပြလိုက်တာပါပဲ။

တရုတ်ဟာ စစ်ကောင်စီကို မြန်မာပြည်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ခုခံရပ်တည်ကာကွယ်သွားမယ်။ NUG ကို အသိအမှတ်မပြုဘူး။ အကူအညီမပေးဘူး။ မဆက်ဆံဘူး။ အာဆီယံအဖွဲ့ကို လိုအပ်သလို နွားဖားကြိုးထိုး အသုံးချသွားမယ်ဆိုတဲ့ သဘောထားပါပဲ။ NUG အဖွဲ့အနေနဲ့ တရုတ်နဲ့  အာဆီယံကို လွမ်းလောက်စရာ ဘာမှမရှိပါဘူး။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013