DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေး သမားဟောင်းကြီး ဦးထွေးမြင့်ကွယ်လွန်
DVB
·
November 25, 2013
ဝါရင့်နိုင်ငံရေး သမားဟောင်းကြီး ဦးထွေးမြင့်ကွယ်လွန်
1 / 2
Donate to DVB

ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်တဲ့ ဦးထွေးမြင့်ဟာ  ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်က  အင်းစိန်မြို့နယ်၊ ဘိုကုန်းရပ်ကွက်နေအိမ်မှာပဲ  ဆီးရောဂါနဲ့  ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဦးထွေးမြင့်ဟာ ကွယ်လွန်ချိန်မှာ  အသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး  သားတဦးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

[caption id="attachment_47003" align="alignright" width="300"]ဓာတ်ပုံ - မိုးမခ ဓာတ်ပုံ - မိုးမခ[/caption]

ဦးထွေးမြင့်ဟာ ၁၉၃၀ ပြည့်နှစ် လယ်ဝေးမြို့နယ် အဖ ဦးအုန်း၊ အမိ ဒေါ်လုံးတို့ကနေ မွေးဖွားခဲ့ပြီး
ဒုတိယ ကမ္ဘာစစ်အပြီး ကျောင်းသားသမဂ္ဂမှာ  ဦးဆောင်သူအဖြစ် ပါဝင်လှုပ်ရှားခဲ့သလို ၁၉၅၁  ကနေ ၅၆ အထိ ကွန်မြူနစ်ပါတီဝင်အဖြစ် လှုပ်ရှားခဲ့သူဖြစ်ပါတယ်။  ဒါ့အပြင် ၁၉၄၉ ကနေ ၁၉၆၆ ကာလအတွင်း နိုင်ငံခြားရေးဌာနမှာ  အလုပ်လုပ်ခဲ့ပြီးနောက်  လန်ဒန်မှာ ဘီဘီစီ    မြန်မာဌာနမှာလည်း  ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၇၀ ပြည်လွန်နှစ်တွေမှာ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်တဦး အဖြစ်လည်းကောင်း ပြည်ချစ်လူငယ်တပ်ပေါင်းစုံ ဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
ဦးထွေးမြင့်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူရဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ  (မြန်မာ) ဥက္ကဌ ဦးသုဝေက အလို ပြောပြပါတယ်။

“ကျနော်တို့ ပါလီမန်ဒီမိုကရေစီ ပါတီထဲမှာလည်း သူ ပါပါတယ်။ ကျနော်တို့ အဲဒီတုန်းကတော့ ပြည်ချစ်လူငယ် အသံလွှင့်ဌာနဆိုပြီးလုပ်တယ်လေ။ သူရော ကျနော်ရော အတူတူ လုပ်တာပေါ့။ အဲဒီမှာ ပါလာကြတယ်။ ပါပြီးတော့ သီးသန့် တာဝန်တွေ ထပ်ခွဲတဲ့ အခါကျတော့ သူက ပြည်တွင်းစည်းရုံးရေး တာဝန်ယူမယ်ဆိုပြီး မြန်မာပြည်ထဲ ပြန်ဝင်လာတယ်။ ပြန်ဝင်လာပြီး စည်းရုံးရေးလုပ်နေတဲ့ကာလမှာ သူ့ကို ဖမ်းမိသွားတယ်။ ဖမ်းမီသွားတော့ သူကို သေဒဏ်ချလိုက်တယ်ဗျ။ ဒါပေမယ့် ကံအားလျော်စွာ ၁၉၈၀ ခုနှစ်ရောက်တော့ သံဃာ့ ဂိုဏ်းပေါင်းစုံကြီး ညီညွတ်ရေးရတယ်ဆိုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရပေးလိုက်တယ်။ အဲဒီမှာ သူပြန်ပြီးလွတ်လာပါတယ်။”

ဦးထွေးမြင့်ဟာ ဖဆပလ လက်ထက်၊ တော်လှန်ရေးကောင်စီလက်ထက်၊ မဆလ အစိုးရလက်ထက်နဲ့  န၀တ နအဖ အစိုးရလက်ထက်တွေမှာ အစိုးရအဆက်ဆက်တိုင်းက  သူ့ကို ဖမ်းဆီး  ထောင်သွင်း အကျဉ်းချထားမှုတွေ  အကြိမ်ကြိမ်ခံခဲ့ရပြီး   ၁၉၇၄ ခုနှစ်မှာ လက်နက်ကိုင် မြေအောက်လှုပ်ရှားမှုတွေနဲ့ စပ်လျဉ်ပြီး သေဒဏ်နဲ့ ကြိုးမိန့်နှစ်ရပ်လုံး ပစ်ဒဏ်ချမှတ်ခံခဲ့ရဖူး ပါတယ်။

၁၉၈၀ ပြည့်နှစ်  ထောင်ကနေ  ပြန်လွတ်လာပြီးနောက်ပိုင်း  မဆလပါတီခေါင်းဆောင် ဦးနေ၀င်းက ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ ကြေညာလိုက်ချိန်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်လုပ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဦးသုဝေက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ဦးနုတို့ ဦးကျော်ငြိမ်းတို့ သခင်သာခင်တို့ စသဖြင့်ပေါ့နော် ကိုအောင်ကြီးတို့နဲ့ တွဲပြီးတော့ အတူတူ ကျနော်တို့နဲ့ ပြင်ဆင်တာပေါ့။ ပြင်ဆင်တယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေက ပြောတာက ဦးနေ၀င်းက မကြာသောကာလမှာဖြစ်ရင် သူရဲ့ အာဏာရှင်စနစ်ကို စွန့်ပြီးတော့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ လုပ်လိမ့်မယ်။ အဲဒီတော့ ပြင်ဆင်ထားကြရအောင် ဆိုပြီးတော့ အဲဒီမှာလည်း သူနဲ့ ကျနော်လည်း အတူတူပါတာပေါ့နော်။ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်မရှိတော့ ကျနော်တို့ စီးပွားရေး လုပ်ငန်းတခုမှာ ၀င်ပါကြတယ်။ ပါရင်းနဲ့ ၁၉၈၈ ခုနှစ်အရေးတော်ပုံ ပေါ်လာတာပဲလေ။ အရေးတော်ပုံပေါ်လာတော့ သူက ပထမပိုင်းမှာ ဒေါ်စုနဲ့ တွဲပြီးတော့ အန်အယ်လ်ဒီမှာ ပါတယ်။ ကျနော်ကတော့ ဒီမိုကရေစီပါတီဆိုပြီး သီးသန့်ထောင်တယ်။ နောက်ပိုင်းမှာ ကျနော်တို့ပါတီမှာ သူ့ကိုခေါ်ပြီး ဒုတိယ ဥက္ကဌပေးပြီး အတူတူတွဲလုပ်ကြတယ်။ အဲဒီလို တွဲလုပ်ရင်းနဲ့ ၁၉၉၅ ခုနှစ်မှာ အစိုးရကနေပြီး ကျနော်တို့ နှစ်ယောက်လုံးကို ဖမ်းလိုက်တာပေါ့နော်။ ကျနော်တို့မှာ အစိုးရဆန့်ကျင်တဲ့ စာရွက်စာတမ်း သိမ်းဆည်းထားမှုဆိုတဲ့ အမှုနဲ့ ဆွဲတာ၊ ကျနော်တို့ဆီမှာ ဘာတွေတွေ့သွားလဲဆိုတော့ တိုင်မ်းတို့ နယူးဝိစ်တို့ အီကောနောမစ် ရီဗျူးတို့ မြန်မာပြည်အကြောင်းပါတဲ့ ဆောင်းပါးတွေကို တွေ့သွားတယ်။ အဲဒါတွေဟာ မြန်မာပြည်အစိုးရကို ဆန့်ကျင်တဲ့စာရွက်စာတမ်းဆိုပြီး ၇ နှစ်အမိန့်ချတယ်။ ၇ နှစ်ပြည့်တော့လည်း မလွှတ်ဘူးဗျ။ အဲဒါနဲ့ ကျနော်တို့ ၂ ယောက်ကို ၂၀၀၅ ခုနှစ်မှာ ပြန်လွှတ်လိုက်တာ။”

ဦးထွေးမြင့်ဟာ ၁၉၈၈ အရေးအခင်းမတိုင်ခင်နဲ့ အရေးအခင်းကာလမှာ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။  ၁၉၉၅ ခုနှစ်မှာ အစိုးရဆန့်ကျင်မှုနဲ့ စစ်အစိုးရက သူ့ကို ထပ်မံဖမ်းဆီးထောင်ချခဲ့ပါတယ်။

ထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံရေးမှာ မပါတော့ပဲ အရပ်သားတဦးအနေနဲ့ နေထိုင်ခဲ့ပြီး အခါအားလျော်စွာ အရေးကြီးတဲ့အချိန်တွေမှာ  နိုင်ငံရေးရပ်တည်ချက် သဘောထားတွေ အကြံပြုချက်တွေကို စာရေးဖြန့်ချိခဲ့ပါတယ်။

ဦးထွေးမြင့်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက ခု မျက်မှောက်ခေတ်ကာလအထိ  နိုင်ငံရေးမှာ တစိုက်မတ်မတ်  စိတ်ဝင်တစားပါဝင်ခဲ့ပြီး ဗဟုသုတ ကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူမရှိတာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ဦးသုဝေက ပြောပါတယ်။

သူရဲ့ ဈာပနကိုတော့  လာမယ့် ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလာပ်ကို  ရေဝေး သုသာန်ကို ပို့ဆောင်မီးသဂြိုင်္လ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013