DVB Logo
Home
မြန်မာသတင်း
ဖယ်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် UNA နှင့် UNFC လက်တွဲဆောင်ရွက်မည်
DVB
·
November 25, 2013
ဖယ်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် UNA နှင့် UNFC လက်တွဲဆောင်ရွက်မည်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ လူမျိုးများ ဖယ်ဒရယ်ကောင်စီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်တဲ့  (ယူအဲန်အေ)  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ်တွေဟာ ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ  တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။

[caption id="attachment_46999" align="alignright" width="300"]Photo by SNLD Photo by SNLD[/caption]

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဖိတ်ခေါ်ချက်အရ  မြန်မာပြည်တွင်းကို ပြန်လည် ရောက်ရှိနေတဲ့  ယူအဲန်အက်ဖ်စီ ခေါင်းဆောင်တွေဟာ  ပြည်တွင်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ဝင်တွေနဲ့  နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံခဲ့တာပါ။

ယူအဲန်အက်ဖ်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့  မွန်ပြည်သစ်ပါတီက  နိုင်ဟံသာ၊ ကေအဲန်ယူက ဖဒိုဒေးဗစ်သာကပေါ၊   ကေအဲန်ပီပီက ခွန်းအေဘယ်လ်တွိ  တို့ဟာ လက်ရှိအစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့  ဆွေးနွေးဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြောင်း ပြောပြပြီး ယူအဲန်အေဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲအကြို ဆောင်ရွက်ချက်တွေကို  ပြန်ချပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ထောင်မှု လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းတွေမှာ  ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတွေ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက် အမြင်တူညီမှု ရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

“တိုင်းရင်းသားလူမျိုးစုအကုန်လုံးလောက်နီးပါးကို ကိုယ်စားပြုတဲ့ ပြည်ပအခြေစိုက် အဖွဲ့အစည်း တခုဟာ ပြည်တွင်းကို ပထမဆုံးဝင်ရောက်လာပြီးတော့မှ ပြည်တွင်းမှာ တိုင်းရင်းသား အရေးအတွက် အနှစ် ၂၀ ကျော် ၂၅ နှစ် တစိုက်မတ်မတ်လုပ်လာတဲ့အဖွဲ့နဲ့  လာရောက်ပြီးတော့မှ တွေ့ဆုံရတယ်၊ ဆွေးနွေးရတယ် ပြီးတော့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာလည်းဘဲ   ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေက အကုန်လုံးလောက်နီးပါး တူညီနေတဲ့အတွက် ကျနော်ကတော့ ဒီအပေါ်မှာ အင်မတန် အားရ ကျေနပ်ပါတယ်ခင်ဗျ”

ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဦးစိုင်းလိတ်ပြောသွားတာပါ။

ဒီကနေ့ တွေ့ဆုံပွဲအပြီး ၂ ဖွဲ့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာတော့  ပြည်ထောင်စုနဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံးရဲ့ အကျိုးအတွက် တူညီတဲ့ ဘုံသဘောထားတွေဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒးရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို လက်တွဲ အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့  တွေ့ဆုံပွဲမှာ ယူအဲန်အေအဖွဲ့ဝင် နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ကရက်၊ မွန်ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့်ပါတီ၊ ကချင်ပြည်နယ် ကေအဲန်စီပီပါတီ၊ ကရင် ကေအဲန်ပီပီ ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ တဖွဲ့ကို ၃ ဦးစီအပြင် ဂျပန်နိုင်ငံ  နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ နဲ့ အဖွဲ့လည်း လေ့လာသူအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။

ယူအန်အက်ဖ်စီက ခေါင်းဆောင်တွေဟာ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013