DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အဖြူရောင်လှုပ်ရှားမှု စတင်
DVB
·
November 25, 2013
အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အဖြူရောင်လှုပ်ရှားမှု စတင်
Donate to DVB

နိုဝင်ဘာ  ၂၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ်   ပြည်တွင်းပြည်ပက   အမျိုးသမီးအဖွဲ့အစည်းတွေက    အမျိုးသမီးတွေ အပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်တွေ ရပ်တန့်ဖို့ ရည်ရွယ်တဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုတခု စတင်လိုက်ပါတယ်။

whiteribbonday2013ဒီကနေ့မှာ  ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနေ့  အထိမ်းအမှတ်အနေနဲ့   ရန်ကုန်အခြေစိုက်  မြန်မာအမျိုးသမီးများကွန်ယက်က  အိမ်တွင်း ငြိမ်းချမ်းရေးမှ ကမ္ဘာကြီး ငြိမ်းချမ်းရေးဆီသို့ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး  အမျိုးသမီးထုတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတယ်လို့  မြန်မာ အမျိုးသမီးများ ကွန်ယက်အဖွဲ့က ဒေါ်စူဇန်နာ လှလှစိုးက ပြောပါတယ်။

“ကမ္ဘာကြီးက နိုင်ငံတွေနဲ့ တည်ဆောက်ထားတယ်။ နိုင်ငံကတော့ မြို့တွေ ရွာတွေနဲ့ပေါ့နော်။ ရွာရဲ့ အောက်မှာတော့ အိမ်ထောင်တွေရှိတယ်။ အိမ်ထောင်တွေက လူ့အသိုင်းအ၀ိုင်းရဲ့ အသေးဆုံး အစုအဖွဲ့လေးပေါ့နော်။ အဲဒီ အစုအဖွဲ့လေးမှာ ငြိမ်းရေးရှိလို့ရှိရင် တဆင့်တဆင့် တည်ဆောက်နိုင်မယ်။ အဲဒါကြောင့် အိမ်တွင်း ငြိမ်းချမ်းရေး အရေးကြီးတယ်လို့ ထင်တယ်လေ။”

အလားတူ နယ်စပ်အခြေစိုက်  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း မြန်မာပြည်တွင်း စစ်ဝါဒီကျင့်သုံးနေမှုများ  ရပ်တန့်ဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ပြည်သူတရပ်လုံးပူးပေါင်း လုပ်ဆောင်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပြီး အကြမ်းဖက်မှုပပျောက်ရေးအတွက်  နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ  ၁၆ ရက်ကြာ အဖြူရောင်ဝတ်ဆင်ခြင်း လှုပ်ရှားမှု လုပ်ဆောင်သွား မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ သဘာပတိအဖွဲ့ဝင် လွေးပိုးညိုဝ်း က “မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတယ်လို့ ပြောနေပေမယ့် တကယ့်တကယ်မှာ စစ်မီးတွေ မငြိမ်းသေးဘူး။ ဥပမာ - ကျမတို့ ပလောဝ် ဒေသနဲ့ ကချင်ဒေသတွေမှာဆိုရင် တွေ့နိုင်ပါတယ်။ မနေ့ကအထိ စစ်ပွဲတွေ ဖြစ်နေတုန်းပဲလေ။ အဲဒီလို စစ်ဖြစ်နေတဲ့ ကောလတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံး ဖိနှိပ်မှုခံရတယ်။ အဲဒါကြောင့် ကျမတို့တွေက စစ်ဝါဒီဆိုတဲ့ စကားလုံးကို သုံးလိုက်တာပဲဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော်မှာ အမျိုးသမီးတွေဖြစ်ကြပြီး အမျိုးသမီးတွေအတွက် ဆိုးကျိုးတွေသာဖြစ်စေတဲ့ စစ်ဝါဒ အကြွင်းမဲ့ ပပျောက်ရေးအတွက် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လှုပ်ရှားမှုတွေမှာ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း အမျိုးသမီး အဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထိုင်းမြန်မာ နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ  ၁၆ ရက်တာ လုပ်မယ့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု အစီအစဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးက လူမှုရေးတာဝန်ခံ ဆရာမ ဒါးဒါးက အခုလို ပြောပါတယ်။

“အမျိုးသမီး အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ပြမယ်။ ဥပမာ - ဒဗလျူအယ်ဘီ က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေပေါ့နော်။ နောက်  ကျောင်းတွေထဲမှာ အရပ်တွေထဲမှာ မတူကွဲပြားနေတဲ့ လူအုပ်စုတွေကြားမှာ ဘယ်သူပဲဖြစ်ဖြစ် အမျိုးသမီး၊ အမျိုးသားတွေ ပါဝင်ပြီးတော့ အုပ်စုလိုက် ပြန်ဆွေးနွေးကြမယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ရှိပါတယ်။”

ဒီကနေ့မှာတော့ အမျိုးသမီးများပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ကို ရှမ်းပြည်နယ် လားရှိုးမြို့ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ မွန်ပြည်နယ်တွေမှာ ကျင်းပသွားပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ညနေပိုင်းကတော့  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အမျိုးသမီးအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အန်ဂျီအိုအဖွဲ့တွေနဲ့ မသန်စွမ်းအမျိုးသမီးအဖွဲ့တွေပါ ပူးပေါင်းပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးစည်းရုံး လှုံ့ဆော်မှုတွေ ပြုလုပ်သွားပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပညာပေး ပြခန်းတွေ၊ အမေးအဖြေ အစီအစဉ်တွေအပြင် တေးသီချင်း၊ သရုပ်ဖော်ပြဇာတ်တွေ၊  သံချပ် ဖျော်ဖြေမှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်မြို့ တံခွန်တိုင်(ရွှေကျေးနား) စစ်ရှောင်စခန်းမှာလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး အခမ်းအနားကိုလည်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013