DVB Logo
Home
မြန်မာသတင်း
၇ နှစ်ရွယ် ကလေးတဦးအပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးထံမှ ရာဘဆေးပြား စုစုပေါင်း ၆ သောင်းကျော် ဖမ်းဆီးရမိ
DVB
·
November 25, 2013
၇ နှစ်ရွယ် ကလေးတဦးအပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးထံမှ ရာဘဆေးပြား စုစုပေါင်း ၆ သောင်းကျော် ဖမ်းဆီးရမိ
Donate to DVB

ထိုင်းနိုင်ငံထဲမှာ ၇ နှစ်ရွယ် ကလေးတဦးဆီကနေ နိုဝင်ဘာ ၂၂ ရက်နေ့က စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒါအပြင် နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ယုဇန လက်ဖက်ထုပ်တွေထဲကနေ ရာဘဆေးပြား  စုစုပေါင်း အလုံးရေ ၆ သောင်းကျော်ကို မဲဆောက်မြို့ ကမ်းနားဈေးအနီးမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

[caption id="attachment_46976" align="alignright" width="300"]Photo by posttoday.com Photo by posttoday.com[/caption]

မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြချက်အရ  အသက် ၇ နှစ်ရွယ် မြန်မာကလေး တဦးဆီကနေ ရာဘအလုံးရေ ၁ သောင်းနီးပါးကို ကန်ချနာဘူရီခရီုင် ထောင်းဖာဖူးမြို့ ၀ပ်ပလန်းကာဆီ ဘုန်းကြီးကျောင်းအနီးမှာ  ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က  လိုင်းကားစောင့် ဇရပ်ထဲမှာ ယောင်လည်လည် ဖြစ်နေတဲ့ ကလေးငယ်တဦးကို ဒေသခံထိုင်းလူမျိုးတွေက တွေ့ရှိပြီး မေးမြန်းကြည့်ရာမှာ ထိုင်းစကားမတတ်တဲ့အတွက် မိဘအုပ်ထိန်းသူ ပျောက်ဆုံးနေတဲ့ ကလေးငယ်လို့ ယူဆပြီး ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့  ထောင်းဖာဖူးမြို့နယ်ရဲစခန်းက ဒုရဲမှူး ကမွန်းဆန်တိ ကလန့်ပုဆ်က သတင်းထောက်တွေကို   ပြောပါတယ်။

ကလေးငယ်ရဲ့ ကျောပိုးအိတ် အနက်ရောင်ထဲမှာ မိဘသက်သေ အထောက်အထား ရှိလိုရှိငြား စစ်ဆေးရှာဖွေရာမှာ မသင်္ကာဖွယ် ပေါင်ဒါဗူး ၂ ဗူးကို တွေ့ရှိတဲ့အတွက် အဖုံးကိုဖွင့်ပြီး စစ်ကြည့်ရာက ရာဘဆေးပြားတွေကို အံ့အားသင့်စွာ တွေ့ခဲ့ရကြောင်း၊ ၁ ဗူးမှာ ရာဘ ၃၉၈၇ လုံးနဲ့ အခြား ၁ ဗူးမှာ ၅၉၈၆ လုံး စုစုပေါင်း ၉၉၅၃ လုံး ဖမ်းဆီးရမိတယ်လို့ ဒုရဲမှူးက ဆက်ပြောပါတယ်။

အနီးနားမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ အကူအညီနဲ့ ကလေးငယ်ကို မေးမြန်းရာမှာ ကလေးဟာ  မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်က ဖြစ်ပြီး ဖခင် မရှိတော့ပဲ ဦးလေးဖြစ်သူနဲ့ ဟိုင်းလပ်ကား အတူစီးလာပြီး အဆိုပါ ကားမှတ်တိုင်အရောက်မှာ သူ့ကို ဆင်းခိုင်းတာလို့ ဆိုပါတယ်။

ဒီအမှုမှာ ကလေးငယ်ဟာ မူးယစ်ဆေးဝါးအကြောင်း ဘာမှ သိပုံမရဘဲ မူးယစ်ဆေးဝါး ကုန်ကူးသူတွေရဲ့ အသုံးချခြင်းကို ခံရတာ ဖြစ်နိုင်ပြီး လောလောဆယ် အဲဒီကလေးကို ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ အဲဒီကလေးကို အိမ်ပြန်ပို့နိုင်ဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မြ၀တီမြို့တဘက်ကမ်း တာ့ခရိုင် မဲဆောက်မြို့မှာလည်း  မြန်မာ့အစားအစာ လက်ဖက်၊ ပဲကြော်ထုပ်တွေထဲကနေ သိုဝှက်သည်ဆောင်လာတဲ့ ရာဘဆေးပြား အလုံးရေ ၅ သောင်း ၃ ထောင်ကို  ဖမ်းဆီးရမိတယ်လို့  ပို့စ်တူဒေးသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ မူးယစ်ဆေးတွေကို မြန်မာနိုင်ငံသား ၂ ဦးဖြစ်သူ ကိုကို ၂၁ နှစ်နဲ့ အောင်ထွန်းလေး ၂၅ နှစ်တို့ ၂ ဦးဆီကနေ  မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် ကမ်းနားဈေးအနီးမှာ လိုင်းကား စောင့်စီးနေတုန်း ဖမ်းမိခဲ့တာလို့ တာ့ခ်ခရိုင် ရဲစခန်းက ဒုရဲမှူး ဆုမ်ဖွန်း အခရတေချိုချိုင်းက နိုဝင်ဘာ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ခုတလော  ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းမိတဲ့အတွက် မူးယစ်ကုန်ကူးမှုတွေကို အထူးကြပ်မတ် စစ်ဆေးနေတာမှာ ၂၄ ရက်နေ့က ကမ်းနားဈေးနဲ့ မဲဆောက်မြို့ကို ကူးမယ့် လိုင်းကားအလာကို စောင့်ဆိုင်းနေတဲ့  မင်္သကာဖွယ် ခရီးသည် ၂ ဦးကို တွေ့ရှိရကြောင်း၊ ပါလာတဲ့ အထုပ်တွေကို စစ်ကြည့်ရာမှာ  မြန်မာအစားအစာ (လက်ဖက်ထုပ်) အထုပ်ပေါင်း ၅၃ ထုပ်ကို တွေ့ရှိပြီး အထဲမှာ ရာဘဆေးပြားများ ထည့်ထားကြောင်း၊ ၁ ထုပ်ကို ရာဘ အလုံး ၁ ထောင်စီနဲ့ စုစုပေါင်း ရာဘအလုံးရေ ၅ သောင်းနဲ့ ၃ ထောင်ကို ဖမ်းဆီးရမိကြောင်း၊ အဆိုပါ အထုပ်တွေကို မြန်မာဘက်ခြမ်း  သောင်ရင်းမြစ်ကနေ တဆင့် သယ်ဆောင်လာတာ ဖြစ်ပြီး မဲဆောက်အဝေးပြေးကားဂိတ်ကနေတဆင့် ဘန်ကောက်ကို သွားဖို့ ဖြစ်ကြောင်း  ခရီးသည် ၂ ဦးက ၀န်ခံခဲ့တယ်လို့  ရဲအရာရှိက ရှင်းပြပါတယ်။

သူတို့ ၂ ဦးကို  မူးယစ်ဆေးအပြင်းစားအဆင့်  ၁  လက်ဝယ်တွေ့ရှိမှုနဲ့ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဒုရဲမှူး  ဆုမ်ဖွန်း အခရတေချိုချိုင်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013