
ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးဟာ ဇူလိုင် ၆ ရက်မှာ တဖက်နိုင်ငံရဲ့ လောင်စာဆီ သိုလှောင်ရုံတွေ၊ ရေနံချက်စက်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ သုံးပြီး အပြန်အလှန် အပြင်းအထန် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ တော်တော်များများကို တိုက်ခိုက် ခဲ့တယ်လို့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပြီး ယူကရိန်းဘက်ကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့ နယ်စပ်ကနေ ကီလိုမီတာ ၂,၅၀၀ လောက် အကွာရှိ ရုရှားရေနံချက်စက်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့နဲ့ ကိဗ်ဒေသတွင်းက စစ်ဘက်-စက်မှုလုပ်ငန်း အကျိုးတူလုပ်ငန်း ၇ ခုအပြင် စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်တိုက်ခိုက်ခဲ့တယ်လို့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီပစ်မှတ်တွေထဲမှာ ဒရုန်းနဲ့ "နက်ပ်ကျူးန်" ခရုဇ်ဒုံးကျည်တွေ ထုတ်လုပ်တဲ့ စက်ရုံ ၅ ရုံ၊ ဒုံးကျည် အစိတ်အပိုင်းထုတ်စက်ရုံနဲ့ လောင်စာဆီသိုလှောင်ရုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နီးပရို ပက်ထရော့ဗ်၊ ပိုတာဗာ၊ ချာကာဆီ၊ ချာနီဟစ်ဗ်နဲ့ ကိဗ်ဒေသတွေက ယူကရိန်း စစ်လေယာဉ်ကွင်း အခြေခံအဆောက်အအုံတွေကိုလည်း ရုရှားဘက်က ဒုံးကျည်တွေနဲ့ ထိမှန်အောင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းဘက်ကလည်း ယူကရိန်းဒရုန်းတွေဟာ တနင်္လာနေ့ညပိုင်းမှာ အာဇော့ဗ်ပင်လယ်ထဲက ရုရှားလောင်စာဆီတင်သင်္ဘောတွေ၊ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် ကာ့ချ်မြို့က လောင်စာဆီ သိုလှောင်ရုံတခုနဲ့ ရုရှားနိုင်ငံ ဘရိုင်းယန့်စ်ဒေသထဲက S-400 "ထရိုင်းယန့်ပ်" အမျိုးအစား အဝေးပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၂ ခုတို့ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့တပ်မှူး ရောဘတ်ဘရော့ဗ်ဒီက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ်ရုံးကလည်း သူတို့ရဲ့ အထူးတပ်ဖွဲ့တွေဟာ ယူကရိန်း နယ်စပ်ကနေ ကီလိုမီတာ ၂,၅၀၀ နီးပါး ဝေးကွာတဲ့ ရုရှားနိုင်ငံတွင်းက အကြီးဆုံး ရေနံချက်စက်ရုံကြီးဖြစ်တဲ့ အွမ့်စ်ခ် ရေနံချက်စက်ရုံကိုပါ လှမ်းပစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီစက်ရုံဟာ ရုရှားစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးမှာ အဓိကကျတဲ့ နေရာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပေါက်ကွဲအားပြင်းပြင်းနဲ့ မီးလောင်ကျွမ်းခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ စံတော်ချိန်ဇုန် ၁၁ ခုလုံးမှာ လောင်စာဆီ ပြတ်လပ်သွားစေဖို့ ရေနံချက် စက်ရုံတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source:Reuters











