DVB Logo
Home
Lead Story
တရုတ်နိုင်ငံက လျှပ်စစ်ကား သုံးတော့မည်
DVB
·
November 25, 2013
တရုတ်နိုင်ငံက လျှပ်စစ်ကား သုံးတော့မည်
Donate to DVB

ကာလရှည်ကြာ ဖြစ်နေတဲ့ လေထု ညစ်ညမ်းမှုအဆင့်တွေကို ရပ်ဆိုင်းပစ်နိုင်ဖို့ တရုတ်အစိုးရက တရုတ်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လျှပ်စစ်စွမ်းအင်သုံးကားတွေ တိုးများလာအောင် လုပ်ပြီး လေထုကို သန့်စင်ပစ်ဖို့ ကြိုးစားနေပါတယ်။

[caption id="attachment_46932" align="alignright" width="300"]New electric buses and a charging station in Chengdu City. (Source: http://scnews.newssc.org/system/2012/07/31/013588311.shtml) New electric buses and a charging station in Chengdu City. (Source: http://scnews.newssc.org/system/2012/07/31/013588311.shtml)[/caption]

တရုတ်အစိုးရက လျှပ်စစ်ကားတွေကို သုံးနိုင်လာအောင် ကုန်ကျငွေ စိုက်ထုတ်ပေးမှုတွေ လုပ်ပေးရပြီး လျှပ်စစ်ခရီးသည်တင်ကား အားလုံးအတွက် အမေရိကန် ဒေါ်လာ ၁ သောင်းနီးပါး ဈေးလျှော့ပေး ထားပါတယ်။

၂၀၁၅ ခုနှစ် မှာ ပေကျင်းရဲ့ လမ်းတွေပေါ်မှာ လျှပ်စစ်စွမ်းအင်သုံးကား ဒါမှမဟုတ် အမျိုးအစား ရောစပ်ယာဉ် ၅ သောင်း ရှိလာစေချင်ပါတယ်။ အဲဒီရည်ရွယ်ချက် ပြည့်မီဖို့ ပေကျင်းမှာ လျှပ်စစ်ဓာတ်အား ပြန်သွင်းနိုင်တဲ့ နေရာဌာနတွေ လုံလောက်အောင်ထားရှိ ပေးနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အားကစားရုံမန်နေဂျာ လီနာလီ စီးပွားရေးဇုန်နယ်ထဲမှာ ရှိတဲ့ သူ အလုပ်ရှိရာကနေ ဆင်ခြေဖုံးမှာရှိတဲ့ သူရဲ့တိုက်ခန်းကို ပြန်ရောက်ဖို့  ပေကျင်းရဲ့ ရုံးဆင်းချိန်မှာ ကြိုးစားနေပြီး ဒီလမ်းတွေကို အသုံးပြုနေကြတဲ့ မော်တော်ယာဉ် မောင်းသူ ၅ သန်း ၀န်းကျင်ထဲက တဦးပဲ ဖြစ်ပါတယ်။

မြို့တော်က မော်တော်ယာဉ်မောင်းနှင်သူ အများစုလိုပဲ လီနာလီရဲ့ကားကလည်း ဓာတ်ဆီသုံးပြီး လျှပ်စစ်စွမ်းအင်သုံးကားကို စီးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ပြောပါတယ်။

“လျှပ်စစ်ကားက သိပ်ဈေးကြီးလွန်းတယ်ရှင့်။ ကျမ ကားလို ကား ၁ စီးက အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ပေးရပါတယ်။ တကယ်လို့ ကျမက လျှပ်စစ်စွမ်းအင်သုံးကို ရွေးချယ်မယ်ဆိုရင် အစိုးရက ဈေးပေါ်မှာ စိုက်ထုတ်ငွေ ပေးနေတယ်ဆိုတာ သိပေမယ့် သူက ပုံမှန်ဈေးထက် ၂ ဆ လောက်ရှိတယ်ရှင့်။ ဒါပေမယ့် အဲဒီကားတွေကို လျှပ်စစ်ဓာတ်အား ပြန်သွင်းပေးဖို့ နေရာကို ကျမ တခါမှတောင် မတွေ့သေးတော့ အဲဒီအတွက် စိတ်ပူရတာပေါ့ရှင်။ ကျမက လမ်းမှာ လျှပ်စစ်စွမ်းအင် ပြတ်ပြီး ရပ်သွားမှာကို မလိုချင်ဘူးလေ။ ”

လီ တယောက်တည်းတော့ မဟုတ်ပါဘူး။ ပေကျင်းရဲ့ မြို့လယ်တလျှောက် ကားမောင်းသွားရင် လျှပ်စစ်စွမ်းအင် ပြန်ဖြည့်ပေးတဲ့ နေရာ အမှတ်အသား  ဒါမှမဟုတ် လမ်းညွှန်ပြထားတဲ့ အမှတ်အသား တခုခုကို တွေ့ဖို့ မလွယ်ပါဘူး။

တရုတ်နိုင်ငံတ၀ှမ်း မော်တော်ယာဉ်လောင်စာ ဌာနတွေ အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ စွမ်းအင်သစ် ဝေဖန်သုံးသပ်သူ ရေးဝင်ဟောင်က ပြဿနာကို အခုလို ရှင်းပြပါတယ်။

“ပေကျင်းမှာ လျှပ်စစ်သုံးယာဉ်တွေအတွက် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင်ဖြည့်ဌာန ကြီး တည်ဆောက်ထား ပြီးပါပြီ။ အဲဒီဌာနက တနေ့ကို မော်တော်ယာဉ် ၄၀၀ ပြန် ဖြည့်ပေးပါတယ်။ ဒါပေမယ့် ခုထိကတော့ မြို့ထဲအနှံ့အပြားမှာ ရှိနေတဲ့ အားဖြည့်ဌာနတွေရဲ့ အရေအတွက်က လုံလောက်မှု မရှိသေးပါဘူး။ ပေကျင်းက ဓာတ်ငွေ့ဖြည့် ဌာနအများစုက ပက်ထရိုချိုင်းနားလို့ ခေဓတဲ့ တရုတ်အစိုးရ လောင်စာတဦးတည်း မူပိုင်ဌာနတွေက ဖွင့်ထားတာ တွေပါ။ သူတို့က သူတို့ရဲ့ဌာနတွေမှာ လျှပ်စစ်စွမ်းအင် ပြန်ဖြည့်တဲ့နေရာတွေ ထည့်ထားပေးဖို့ စိတ်လိုလက်ရ မရှိကြဘူးဗျ။.”


ပေကျင်းမြို့တော်ဝန်ကတော့ တမြို့လုံးမှာ ထောင်နဲ့ချီတဲ့ လျှပ်စစ်အားဖြည့်ဌာနတွေ နဲ့ အငယ်စား သီးခြားလျှပ်စစ် အားဖြည့်ရာနေရာလေးတွေ တည်ဆောက်ပေးပြီး လျှပ်စစ်ဓာတ်အား ပြန်ဖြည့်ရေး ပြသနာကို ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပေကျင်းမြို့တော်ဝန်က လျှပ်စစ်ကားတွေရဲ့ကားဈေးနှုန်းရဲ့ ၅၀ ရာခိုင်နှုန်းအထိ စိုက်ထုတ်ငွေ ဆက်ပြီး ထုတ်ပေးသွားမယ်လို့လည်း ကတိပေးပြောဆိုပါတယ်။ ဒါပေမယ့် စွမ်းအင် လေ့လာသုံးသပ်သူကတော့ လျှပ်စစ်ကားတွေ ရောင်းအားကောင်းလာအောင်တော့ အဲဒါက လုံလောက်ကောင်းမှ လုံလောက်မယ်လို့ ပြောပါတယ်။.

“ပေကျင်းက  မှတ်ပုံတင်ကြေးကို တကယ် မြင့်မြင့်မားမားတောင်းပြီး လိုင်စင်နံပါတ်ပြား တွေကိုလည်း ကံစမ်းထီစနစ်နဲ့ထုတ်ပေးပြီး လမ်းတွေပေါ်က ကားအရေအတွက်ကို ကန့်သတ်ထားတာပါ။ အခုပဲ လျှောက်လွှာတင်သူ ၇ ယောက်မှာ ၁ ယောက်ပဲ လိုင်စင်ရ ပါသေးတယ်။ ဒါပေမယ့် လျှပ်စစ်ကားတွေကို ခြွင်းချက်ထားပေးမယ် ဆိုရင်တော့ လူတွေက လိုင်စင် ပိုပြီးရဖို့ လွယ်ကူတဲ့အတွက် တစီးစီတော့ ၀ယ်ယူကြမှပါပဲဗျာ။”

တခြားသူတွေကတော့ နိုင်ငံရဲ့ လေထု သန့်ရှင်းရေးအတွက် လျှပ်စစ်ကားတွေဟာ အဖြေ မဟုတ်သေးဘူးလို့ ယုံကြည်ထားကြပါတယ်။

မီးခိုးငွေ့တွေ မြို့တော်မှာ မကြာခဏ လွှမ်းအုပ်တတ်တာကို ကြီးကြီးမားမား တိုးများလာတဲ့ကားအစင်းရေ ကြောင့်လို့ တစိတ်တပိုင်း အပြစ်တင် ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆီကနေ လျှပ်စစ်ဓာတ်ကို ပြောင်းသုံးရုံနဲ့တော့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ် မဟုတ်ပါဘူး။

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေကတော့ အဲဒီကားတွေ အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးဖို့ အခြေခံ အသုံးပြုနေတဲ့ ကျောက်မီးသွေး လောင်စာ ကိုပဲ သုံးနေအုံးမယ်ဆိုရင်တော့ လျှပ်စစ်ကားတွေဟာ ပြဿနာရဲ့ တစိတ်တပိုင်းအဖြေပဲ ဖြစ်လိမ့်မယ် လို့ ယုံကြည်ကြပါတယ်။ ဆက်လက် အသုံးပြုနေတဲ့ ကျောက်မီးသွေး အသုံးပြုမှုဟာ ပေကျင်းရဲ့ လေထုညစ်ညမ်းမှုရဲ့ ကြီးမားတဲ့အကြောင်းတချက် ဖြစ်ပါတယ်။

ပေကျင်းဟာ တချိန်က လမ်းတွေပေါ်မှာ လွှမ်းမိုးထားတဲ့ စက်ဘီးတွေကို ပြန်ပြီး သုံးစွဲဖို့ လိုအပ်နေပါတယ်။ လိုင်စင်နဲ့လောင်စာ အဖိုးအခတွေကြောင့် ကားတစီးကို အသုံးပြုဖို့ဟာ ပေကျင်းမှာ အကုန်အကုန်များတဲ့ လုပ်ငန်းတခုပါ။

ဒါပေမယ့် ဒေသက လီနာလီလို ယာဉ်မောင်းသူတွေကတော့ လျှပ်စစ်စွမ်းအင်သုံးကားကို ရွေးချယ်ဖို့ ငွေကြေး ပိုပေးလာဖို့ မရှိကြပါဘူး။

“တကယ်လို့ ဈေးသင့်မယ် ဆိုရင်တော့ လျှပ်စစ်ကားတစီး ၀ယ်ရတာကို ကျမ ပျော်ရွှင်မိမှာပါပဲ။ အဲဒါကို ဘယ်မှာ အားပြန်သွင်းရမယ်ဆိုတာလည်း သေချာမယ်ဆိုရင်ပေါ့ရှင်။ ဒီလိုမှ မဟုတ်ရင်တော့ ကျမရဲ့ပုံမှန်ကားကိုပဲ သုံးရမှာပါပဲရှင်။ သူက အဆင်ပြေတယ်လေ။.”

ပေကျင်းဟာ မြို့တော်ရဲ့ လေထု ညစ်ညမ်းမှုကို သန့်ရှင်းရာမှာ လမ်းတွေပေါ်မှာ လျှပ်စစ်ကားတွေ ပိုပြီး ရှိလာစေတာကနေ အထောက်အကူ ရတယ်ဆိုတာ တွေ့လာ ရနိုင်ပါတယ်။

ဒါပေမယ့် မြို့တော်မှာ လျှပ်စစ်ယာဉ်တွေနဲ့ သွားဖို့ အဆင်သင့်မဖြစ်သေးခင်မှာ အဲဒီအတွက် ပြင်ဆင်ဖို့ကတော့ အချိန်ပိုပြီး ယူရအုံးမှာပါ။

မတ်ခ်ဂေါ့ဖရေး က အာရှဒေသ သတင်းဆောင်ပါးကဏ္ဍအတွက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ကနေ  သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013