မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ ဇွန်လ ၈ ရက်နေ့ညက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက်မှာ ယာယီအုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံးပြုနေတဲ့ စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးအိမ်ကို ည ၈ နာရီကျော်လောက်က လက်လုပ်ဗုံး ၂ လုံး ပစ်သွင်းခံရတာဖြစ်ပြီးတော့ အသေးစားဗုံးဖြစ်တာကြောင့် ပေါက်ကွဲမှုမပြင်းထန်သလို ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီလက်လုပ်ဗုံးနဲ့ပစ်ခတ်တဲ့သူတွေဟာ လွတ်မြောက်သွားပါတယ်။ ဒလန်အုပ်ချုပ်ရေးမှူး ဇော်ထွန်းလင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့လကလည်း ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးဇော်ထွန်းလင်းဟာ ရပ်ကွက်နေပြည်သူတွေဆီက ငွေကြေး တောင်းခံတာတွေ ပြုလုပ်သလို အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ရပ်ကွက်နေ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။