DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု တိုးလာဖို့ရှိ
DVB
·
November 22, 2013
Donate to DVB

မြန်မာနိုင်ငံမှာ  ဂျပန်နိုင်ငံရဲ့  နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံဟာ  လာမယ့်နှစ်တွေအတွင်း ပိုတိုးလာဖို့ ရှိနေပြီး  နှစ်နိုင်ငံ ကုန်သွယ်မှုဟာလည်း  တိုးတက်လာနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့  ကုန်သည်စက်မှု အသင်းချုပ်   (UMFCCI) သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံမှာ  ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ  ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တဖြည်းဖြည်း တိုးတက်လာရာက  လက်ရှိ အမေရိကန်ဒေါ်လာ ၂၉၂ ဒဿမ ၄ သန်းကျော်ထိ ရှိလာပြီး   နိုင်ငံ အလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းမှာ ဆိုရင် အဆင့် ၁၀ မှာ ရှိနေတာ ဖြစ်ပါတယ်။

umfcciဂျပန်ကုမ္ပဏီတွေဟာ   မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်အား ထက်သန်မှုတွေ ရှိနေတဲ့အကြောင်းနဲ့ လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍအသီးသီးမှာ ဂျပန်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ပတ်သက်ပြီး  ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ခုလို ပြောပါတယ်။

“အခုက မလာဘူးလားဆို လာတယ်။ ဘယ်လိုနေရာမှာ လာလဲဆိုတော့ လူ့စွမ်းအား အရင်းအမြစ်ကို အများဆုံး အသုံးပြုတဲ့ အထည်ချုပ်တွေမှာ လာတာ တွေ့တယ်။ နောက်မကြာခင် ၂၀၁၆ ခုနှစ်မှာ သီလ၀ါ စပြီဆိုရင် ဂျပန်တွေက စက်မှုငန်းတွေတွ တော်တော်များများ လုပ်မယ့် အနေအထားရှိတယ်။”

ဒါပြင် ဂျပန်နိုင်ငံဟာ  ရန်ကုန်တိုင်း သံလျင်-ကျောက်တန်းမှာ  သီလ၀ါ အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း ပါဝင်ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံ မပြည့်စုံမှု အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအပေါ် စောင့်ကြည့်နေတဲ့အနေအထားမှာ ရှိလို့ လာမယ့်၂၀၁၅ ခုနှစ် နောက်ပိုင်းကျမှ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အလုံးအရင်းနဲ့ ၀င်ရောက်လာမှာ ဖြစ်တယ်လို့  ဦးဇော်မင်းဝင်းက ပြောပါတယ်။

ဂျပန်-မြန်မာရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်အသင်းချုပ်ရုံးမှာ ဂျပန်နိုင်ငံ မစ်ဆူဘီရှီကော်ပိုရေးဥက္ကဋ္ဌ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ  တွေ့ဆုံဆွေးနွေခဲ့ပါသေးတယ်။

ဒီတွေ့ဆုံဆွေနွေးပွဲမှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုကို ပိုမို လုပ်ကိုင်နိုင်ဖို့အတွက်  မလိုလားအပ်တဲ့ အခက်အခဲတွေကို ဖြေလျော့ပေးနိုင်ဖို့ နှစ်နိုင်ငံအစိုးရ ဆီ တင်ပြသွားဖို့ အလေးထား ပြောဆို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့အကြံပေးအရာရှိ ဒေါက်တာမောင်အောင် ကလည်း ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုက အခုနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ကုန်သွယ်မှုတန်ဖိုးဟာ တိုးတက်မှု ရှ်ိခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ဒီနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဂျပန်က အများဆုံး ၀င်တဲ့သဘော ရှိတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ဆိုရင် ဒီနှစ်က အများဆုံးဝင်တယ်။ နောက်တခုက ကုန်သွယ်မှုပေါ့။ ကုန်သွယ်မှုဆိုရင် ဟိုအရင် အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ၃ ဆလောက် တက်တယ်ပေါ့။ အရင်တုန်းက ဒေါ်လာ သန်း ၅၀၀ လောက်ပဲ ရင်းနှီးမြှုပ်နှံတယ်။ အခုဆိုရင် ဒေါ်လာသန်း ၁၅၀၀ လောက် ဖြစ်သွားပြီ်ဆိုတော့ ၃ ဆလောက် တက်သွားတာပေါ့။”

ဂျပန်-မြန်မာကုန်သွယ်မှုမှာ  မြန်မာဘက်က ပို့ကုန်အနေနဲ့ အ၀တ်အထည်၊ လယ်ယာ ထွက်ကုန်နဲ့ ရေထွက်ကုန်တွေကို တင်ပို့မှုတွေ ရှိပြီး  ဂျပန်နိုင်ငံဘက်က မော်တော်ယာဉ် အပါအ၀င် ယာဉ်နဲ့ ဆက်စပ်ပစ္စည်၊ အိမ်ဆောက် ပစ္စည်းတွေကို အများဆုံး တင်သွင်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေ တိုးလာဖို့  လျှပ်စစ်မီးကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ မှန်မှန်ရအောင် ဆောင်ရွက်ပေးဖို့၊  လမ်းပန်းဆက်သွယ်ရေးနဲ့  တခြားနည်းပညာနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေ  တိုးတက် ကောင်းမွန်အောင် လုပ်ပေးဖို့ လိုအပ်နေသေးတယ်လို့ ဂျပန် စီးပွားရေးသမားတွေက ရှုမြင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013