DVB Logo
Home
Lead Story
ကျောင်းခိုးဖွင့်နေကြတာလား
DVB
·
June 4, 2021
ကျောင်းခိုးဖွင့်နေကြတာလား
Donate to DVB

ကျောင်းမိန်းတံခါးကြီး ပိတ်ထားသည်၊

ကျောင်းလာလျှင် မလွယ်ပေါက်က ဝင်ပါ။

 အဖြူအစိမ်းတွေ မမြင်ပါလား၊

ကျောင်းရောက်မှ လဲကြသည်။

ကျောင်းခိုးဖွင့်နေတာလား၊

ဘာတွေဖြစ်ကုန်ကြပြီလဲ၊

ဆရာမင်းလူ ထကြည့်ပါဦး။

သူငယ်တန်း၊  ၁ တန်းတုန်းက ဖတ်စာဖတ်သလို ဖတ်ကြည့်ကြပါ။ ရန်ကုန်မြို့က အခြေခံပညာစာသင်ကျောင်းတွေ အဲ့ဒီလို ဖြစ်နေပါတယ်။

အရင်က ကျောင်းတွေဖွင့်ပြီဆို ကျောင်းရှေ့မှာ အဖြူအစိမ်းဝတ်ကျောင်းသားတွေ ကျောင်းသားမိဘတွေ ကျောင်းကား ဝါဝါတွေနဲ့ ကျောင်းရှေ့မှာ အင်မတန်စည်ကားတာကလား။

အခု စစ်ကောင်စီဖွင့်ခိုင်းတဲ့ ကျောင်းရှေ့တော့  အဲ့ဒီမြင်ကွင်းတွေနဲ့ပြောင်းပြန်ပါ။ ကျောင်းမိန်းတံခါးကြီးတွေပိတ်ထားတယ်။ ကျောင်းရှေ့မှာလည်း လူကခြောက်ကပ်ကပ်။ ကျောင်းလာတက်တဲ့ ဆရာနဲ့ ကျောင်းသားက တယောက်၊ နှစ်ယောက်စက ကျောင်းဘေး မလွယ်ပေါက်ကနေ ကသုတ်ကယက်ဝင်လို့။

ကြည့်လိုက်ရင် ကျောင်းခိုးတက်နေကြသလိုလို။ ဒီဗွီဘီသတင်းက ခေါင်းစဉ်တပ်သလိုပဲ ကျောင်းရှေ့မှာ ရဲနဲ့စစ်သားက တစ်ရာ၊ နှစ်ရာ ကျောင်းသားက တယောက်စ  နှစ်ယောက်စ။ ဒီကြားထဲ ဒလန်လိုလို ဒလက်လိုလိုကောင်တွေ လေးငါးယောက်က ကျောင်းရှေ့ထိုင်ပြီး ကျီးကြည့်ကြောင်ကြည့်။ 

ကျောင်းတက်ချိန်မြင်ကွင်းတဲ့ဗျာ။ စစ်ကားက ကျောင်းရှေ့ပိတ်ရပ်ထား။ ရဲလေးငါးခြောက်ယောက်က  သေနတ်ကိုယ်စီနဲ့ ကျောင်းရှေ့မှာအသင့်အနေအထားနဲ့ ရပ်နေကျ။ ဒီကြားထဲကမှ ကျောင်းတံခါး မလွယ်ပေါက်ကနေ ကျောင်းသားက ကျောင်းထဲလှမ်းဝင်။  ဘယ်လိုမိဘတွေများ ဘယ်လိုစဉ်းစားဆုံးဖြတ်ပြီး ကိုယ့်သားသမီးကို ကျောင်းတက်ခိုင်းနေ ကြတာလဲ။သားရဲတွင်းလိုဖြစ်နေတဲ့ ကျောင်းအဝန်းအဝိုင်းထဲကို မိမိရင်သွေးသွားထည့်နေကြသူတွေ ဖြေပါ။

မြင်တွေ့ခဲ့ကြပြီပြီ။ ဆန္ဒပြနေတဲ့လူငယ်တွေကို အကြမ်းဖက်သူလို့ မတော်မတရားစွပ်စွဲပြီး ခေါင်းတွေချည်း ပစ်သတ်ခဲ့ကြတယ်။ ဧည့်စာရင်းအကြောင်းပြပြီး ပြည်သူတွေနေအိမ်တွေထဲ ရိုက်နှက်ချိုးဖျက်ဝင်ပြီး အိမ်ထဲ မြင်သမျှအကုန်မ။ လမ်းပေါ်မှာ နေ့လယ်နေ့ခင်းမရှောင်  ပြည်သူ့ပစ္စည်းတွေ ခိုးဆိုးလုနှိုက်။

ကျေးရွာတွေထဲ ဖက်ဆစ်ဂျပန်ဝင်သလို ပစ်ခတ်ဝင်။ အိမ်တွေဖျက်ဆီး ပစ္စည်းလုယူ။ ဆိုင်ကယ်မီးရှို့။ တတိုင်းပြည်လုံးအနှံ့ လက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ရိုင်စိုင်းယုတ်မာခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတွေ။

ဒီလိုယုတ်မာရက်စက်ခဲ့ကြတဲ့ လက်နက်ကိုင်တွေ စောင့်ကြပ်ဝန်းရံနေတဲ့ ကျောင်းတွေထဲ ကိုယ့်သားသမီးကို  စေလွှတ်တာဟာ ဝံပုလွေသားရဲတွင်းထဲတွန်းပို့သလိုဖြစ်နေပြီပေါ့။ လေးလေးနက်နက်စဉ်းစားကြပါ။ တော်လှန်ရေးကာလဖြစ်တယ်။ သည်းညည်းခံပြီး အမျိုးသားညီညွတ်ရေးအစိုးရ UNG က စီစဉ်ပေးတဲ့ အွန်လိုင်းကနေ သင်ယူကြပါ။ ကြက်တူရွေးပညာရေးအတွက် ကိုယ့်သားသမီးကို မစတေးကြပါနဲ့။

ကိုယ်ကျိုးစွန့်ပြီး CDM ဝင်နေကြတဲ့ ဆရာတွေမျက်နှာကို ထောက်ထားစာနာကြပါ။ အခုကိုပဲ ရန်ကုန်ကတချို့မြို့နယ်တွေမှာ ရပ်ကျေးတာဝန်ရှိသူဆိုသူတွေက CDM ဆရာတွေ လုံခြုံရေးတာဝန်မယူလို့  ခြိမ်းခြောက်တာမျိုး လုပ်လာနေတယ်။ အခု ကျောင်းတက်နေသူတွေ ဘယ်လောက်ကြာကြာခံမလဲဆိုတာကလည်း  စောင့်ကြည့်ချင်စရာပါ။ 

ရန်ကုန်ကမာရွတ်က နာမည်ကြီး တီတီစီ လေ့ကျင့်ရေးကျောင်းမှာ ကျောင်းသား ၆၀၀၀ ကျော်ရှိတာ ၂၀၀၀ ကျော်ပဲ လာတက်တယ်။ စစ်တပ်ဝါဒဖြန့် ကြေးမုံသတင်းစာအဆိုအရ ရန်ကုန်တိုင်းမှာ ကျောင်းသား ၃ သိန်းကျော် ကျောင်းတက်နေတယ်။ အရင်နှစ်စာရင်းတွေအရ ရန်ကုန်တိုင်းမှာ အခြေခံပညာကျောင်းသား ၁၁ သိန်းကျောက် ကျောင်း လာအပ်ပါတယ်။

ကျောင်း ခိုးမတက်ကြပါနဲ့။ကျောင်းပျက်ကြ။

စစ်အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေးမှာ နိုင်ရာဝန် ဝင်ထမ်းကြ။

အရေးတော်ပုံ အောင်ရမည်။

သစ်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013