DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးဖို့ ပါတီကိုယ်စားလှယ်တွေချင်းမိုင်ရောက်ရှိ
DVB
·
November 21, 2013
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးဖို့ ပါတီကိုယ်စားလှယ်တွေချင်းမိုင်ရောက်ရှိ
Donate to DVB

ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ခုက ခေါင်းဆောင်တွေဟာ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို  နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ ရောက်ရှိကြပါတယ်။

Shanမြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အစီအစဉ်နဲ့ ရောက်ရှိလာကြတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)စတဲ့ ပါတီတွေက ပါတီထိပ်တန်းခေါင်းဆောင်တွေ စုရုံးရောက်ရှိလာကြတာပါ။

လာမယ့် ဒီဇင်ဘာလမှာ ကရင်ပြည်နယ် ဘားအံ့မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တွေ့ဆုံပွဲ မတိုင်ခင် ကျင်းပတဲ့ဒီတွေ့ဆုံပွဲမှာ  ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ် အရေးကိစ္စတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ ပါတီတွေ အကြား အမြင်ခြင်းဖလှယ် ကြမှာလည်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာတွေမျှော်လင့်ထားပါသလဲ။ ချင်းအမျိုးသား ပါတီဥက္ကဌ ဦးဇိုဇမ်က အိမ်မက်တောင်မမက်ခဲ့ဘူးတဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့  ချင်းမိုင်လေဆိပ် ကို ရောက်ရှိလာစဉ်  ခရီးရောက်မဆိုက် ဒီဗွီဘီ ကို ခုလို ပြောပါတယ်။

“အပြောင်းအလဲ တချို့တော့ ဖြစ်နေတဲ့ သဘောပေါ့ဗျာ။ အရင်တုန်းက ဒါမျိုးကြုံဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲတဲ့ကိစ္စပါ။ အခု ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်တွေ ပြည်ပမှာ ရှိနေတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တွေ့နိုင်တယ်ဆိုတာ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲကို သက်သေပြလိုက်တာပါ။ ဒါပေမယ့် အားရကျေနပ်တဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးပေါ့ဗျာ။ တခုခုတော့ ပြောင်းလဲနေတယ်ဆိုတာ ပြနိုင်ပါတယ်။ အခုက ပထမဦးဆုံးအကြိမ် ပြည်ပမှာ ရှိနေတဲ့ ညီအစ်ကို မောင်နှမတွေ အထူးသဖြင့် နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေ ပြည်ပမှာ ရောက်ရှိနေတဲ့ အုပ်စုတွေနဲ့ တရင်းတနှီးတွေ့တာဟာ တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။”

ယခင်စစ်အစိုးရ လက်ထက်ကဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံမှုရှိရင် မတရားသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံရတာနဲ့  ပါတီ ဖျက်သိမ်းခံရမယ့် အန္တရယ်တွေနဲ့ ကြုံတွေ့ရလေ့ရှိတာပါ။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့  ခုချိန်ဟာ  မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန်လို့ ဆိုပါတယ်။

“ဒီကာလက နှင်းခဲပျော်ချိန်ပေါ့ဗျာ။ တင်းမာမှုတွေကနေ ဖြေလျော့မှုတွေ စ၀င်လာပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံသစ်တည်ဆောက်ရေးမှာ အားလုံးဟာ ၀ိုင်းဝန်းကူညီဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားတခုစီကို ရွေ့လာတာပေါ့ဗျာ။ အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုတွေတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့လို နိုင်ငံရေးပါတီတွေတောင်မှ နယ်စပ်ကို ကျော်ပြီး ၁၇ (၁) ဆိုတဲ့ ပုဒ်မတွေကို အမှုမထားတော့ပဲ ပါတီအလိုက် ကိုယ့်သဘောထားနဲ့ကိုယ် လိုက်လာမလားဆိုပြီး လိုက်လာခဲ့ကြတာပဲ။ အားလုံးဟာ ငြိမ်းချမ်းရေးကိုတော့ဖြစ်ရင် အင်မတန်လိုချင်နေကြပြီဆိုတာ ငြင်းကွယ်လို့မရတဲ့ အခြေအနေပါ။ ”

ပြည်တွင်းပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲကို ချင်းမိုင်မြို့မှာ နို ၀င်ဘာ ၂၂နဲ့ ၂၃၊ နှစ်ရက်တာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒီဆွေးနွေးပွဲကို ချင်းမိုင်အခြေစိုက် လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီကိုလည်း မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားထားပေမယ့်  ဒီဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိပါဘူးဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013