DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းနီးပါးသုံးစွဲနေ
DVB
·
November 21, 2013
လက်ပံတောင်းတောင် ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းနီးပါးသုံးစွဲနေ
1 / 2
Donate to DVB

လက်ပံတောင်းတောင်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တသန်းခွဲကျော် အကုန်အကျခံ ဆောင်ရွက်နေတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီက ကြေညာလိုက်ပါတယ်။

1သမ္မတရုံးဝန်ကြီး ဦးလှထွန်းခေါင်းဆောင်တဲ့ “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီ” က နိုဝင်ဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကြေညာချက်မှာ လက်ပံတောင်းတောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတွေ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး တို့တွင် အဆင်ပြေချောမွေ့စေရေး အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈ သန်း အကုန်ကျခံပြီး ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့မြေတွေထဲက ဧက ၂၄၀ ကျော် ပြန်ပေးခဲ့ပြီး ပေးအပ်ထားတဲ့ မြေယာနဲ့ သီးနှံလျော်ကြေးငွေ စုစုပေါင်းဟာလည်း ကျပ်သိန်းပေါင်း ၇သောင်း ၇ ထောင်ကျော်ရှိနေပြီလို့ ဆိုပါတယ်။

လက်ပံတောင်းတောင် အကျိုးစီးပွားကာ ကွယ်စောင့်ရှောက်ရေး ကော်မတီမှ ကိုမင်းမင်းက တော့ လက်ပံတောင်းတောင် ဒေသက ကျေးရွာတွေကို လျှပ်စစ်မီး ရရှိရေးအတွက် ပြုလုပ်ပေးခဲ့ တယ်ဆိုတာ ဟုတ်မှန်တဲ့အကြောင်း ခုလိုပြောပါတယ်။

"လျှပ်စစ်မီးရရှိရေးအတွက်တော့ ဟုတ်တယ်ခင်ဗျ။ ကျနော်တို့နားက ကျေးရွာ ၂ ရွာ ၃ ရွာကို လျှပ်စစ်မီးလင်းဖို့အတွက် ဆောင်ရွက်ပေးနေတာ တွေ့ရှိရတယ်ခင်ဗျ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ လက်ခံပါတယ်။ လက်ခံတယ်ဆိုတာ သူတို့ မှန်ကန်တဲ့အတိုင်းအတာ ဖြစ်နေတဲ့အတွက်ပေါ့နော်။ ဒီလျှပ်စစ်မီး ရရှိရေးဆိုတာလည်း ဒီကုမ္ပဏီက လုပ်မပေးလည်း အစိုးရအနေနဲ့ တာဝန်ရှိတဲ့ အနေအထားတရပ်ပဲ ဖြစ်တယ်ခင်ဗျ။ အဲဒါကြောင့် ကုမ္ပဏီက လုပ်ပေးသည်ဖြစ်စေ အစိုးရက လုပ်ပေးသည်ဖြစ် ကျနော်တို့အနေနဲ့ အဲဒါကတော့ လက်ခံပါတယ်။"လို့ ပြောဆိုပါတယ်။

ကော်မတီက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတယ်လို့ပြောဆိုနေပေမယ့် လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင် ရွာသား ကိုဖိုးလပြည့်ကတော့ သူ့ရဲ့ရွာမှာ ခုချိန်ထိ ရေရရှိအောင် ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ အခုလို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

"ဆည်တည်း ဇီးတောဆိုလို့ရှိရင် ဒေသကထွက်တဲ့ ရေငန်ပေါ့ဗျာ။ ကျနော်တို့ ဒေသကထွက်တဲ့ ရေက ငန်တယ်။ ငန်တဲ့အတွက် အခြားရွာနေကနေ သွားပြီး သောက်သုံးရေ သွားသယ်ရတာရှိတယ်။ နောက်ပြီး သူတို့ကနေပြီးတော့ ကျနော်တို့ဆီက ရွာသစ် ရွာဟောင်းတွေမှာ လာပြီး ဆောင်ရွက်ပေးတာ ကူညီပေးတာ အာဏာပိုင် အဖွဲ့အစည်း တခုခု ချိတ်ဆက်ပေးတာ၊ ၀မ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေက လာပြီး ဆောင်ရွက်ပေးတာမျိုးလည်း မရှိဘူး။ တကယ်နစ်နာ ဆုံးရှုံးမှု မရှိတဲ့ ဒေသတွေမှာ သွားပြီး လုပ်ရင်လည်း ကျနော်တို့လည်း မသိဘူး။ တကယ်ကို နစ်နာဆုံးရှုံးတဲ့ ဒေသတွေမှာတော့ ပြည်သူတွေအတွက်ကို လာပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးတာလည်း မရှိဘူး။ ဦးပိုင်နဲ့ ၀မ်ပေါင်က တကယ်တာဝန်ရှိတဲ့သူတွေက ဒေသခံတွေနဲ့ လာပြီး ညှိနှိုင်းဆွေးနွေးတာတွေလည်း မရှိဘူးခင်ဗျ။"

ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ၀ါးတန်း၊ တည်ပင်ကန်၊ မိုးကြိုးပြင်နဲ့ ကျော်ရွာတွေမှာ သောက်သုံးရေ ရရှိရေး အတွက် ငွေကျပ် သိန်း ၁ထောင်နီးပါး သုံးထားတယ်လို့ ဖော်ပြထားတာပါ။

အလားတူ လက်ပံတောင်းတောင်ဒေသခံ တဦးဖြစ်တဲ့ မစန္ဒာကလည်း လက်ပံတောင်းတောင် ဒေသပြည်သူလူထုအတွက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မလုပ်ပေးဘူးလို့ ပြောပါတယ်။

"အခု လုပ်ငန်းအကောင်အထည်ဖော်ဆောင်တဲ့ ကော်မတီအနေနဲ့ လုပ်ပေးသင့်တဲ့အရာတွေမို့ လုပ်ပေးနေတယ်လို့ထင်တယ်။ အခု လက်တွေ့မှာ ကံကုန်းကြီးဘက်မှာ သောက်သုံးရေ လုံးဝမရှိတော့ဘူး။ အဲဒါကို သူတို့ လုပ်ပေးပါမယ်ဆိုပြီး မလုပ်ပေးပါဘူး။ ဆေးရုံတွေ ဆောက်ပေးမယ်ဆိုပြီး မဆောက်ပေးဘူး။"

ကော်မတီကတော့ ဒေသခံတွေ ထိခိုက် နစ်နာမှု မရှိစေရေးအတွက် တဆင့်ပြီးတဆင့် စနစ်တကျ စီမံဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒေသခံတွေအနေနဲ့ လိုလားချက်တွေ သဘောထားဆန္ဒတွေကို ဥပဒေဘောင်အတွင်းကနေ နည်းလမ်းတကျ ဖြေရှင်း ဆောက်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လယ်ယာမြေ လျော်ကြေးတွေ ဒေါ်လာ သန်းနဲ့ချီပေးထားတယ်လို့ ကော်မတီက ထုတ်ပြန်ပေမယ့်လည်း လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ဦးပိုင် ၀မ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေကြား လယ်ယာမြေ ပြဿနာတွေကတော့ ခုချိန်ထိ ပြေလည်မှု မရရှိသေးဘဲ ကြေးနီးစီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြမှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013