DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၁၂၁ ရက်အကြာကျဆုံးပြည်သူ ၈၄၁ ဦး၊ ဖမ်းဆီးခံ ပြည်သူ ၄၄၀၀ ကျော်ရှိနေ
DVB
·
June 2, 2021
စစ်အာဏာသိမ်း ၁၂၁ ရက်အကြာကျဆုံးပြည်သူ ၈၄၁ ဦး၊ ဖမ်းဆီးခံ ပြည်သူ ၄၄၀၀ ကျော်ရှိနေ
Donate to DVB

မတရားစစ်အာဏာသိမ်းကာလ ၁၂၁ ရက်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၄၁ ယောက် ကျဆုံးခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ပြည်သူ ၄၄၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၅၇၆ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၄၄၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၁၀ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၈၈၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက် ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ  သူငယ်ချင်း ဖြစ်သူမွေးနေ့က ပြန်လာတဲ့ လူငယ်အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်အုပ်စုက ချုံခို ပစ်ခတ်ခဲ့တာကြောင့် လက်ဝဲဘက် နံကြားမှာ ကျည်ထိမှန်ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မေ ၃၁ ရက်ညပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စစ်ကိုင်းတိုင်း ဒေသကြီးအဖွဲ့ဝင်၊ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ကို တိမ်းရှောင်နေတဲ့ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးမြို့သစ်မှာ အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့က NLD အလုပ်အမှုဆောင် ဦးဂတုံး(ခေါ်)ဦးဟိန်းဝင်းလတ်ကိုလည်း သူ့ရဲ့နေအိမ်မှာပဲ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က အိုးရှင်းစင်တာမှာ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်ကို အရပ်ဝတ်နဲ့ စစ်သား ၈ ယောက်က သေနတ်နဲ့ချိန်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပြီး မဖူးသိမ့်သိမ့်တုန်ဟာ လတ်တလော စစ်ဘေးရှောင် ပြည်သူတွေကို လိုက်လံ ကူညီပေးနေသူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013