တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ ကုန်တင်ပြီး ထွက်မရဘဲ ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေကို ဇွန် ၁ ရက်မနက် ၇ နာရီကနေ စတင်ပြီး မန့်ဝိန်းပေါက်ကနေ ထုတ်ယူခွင့်ပြုနေတယ်လို့ တရုတ်မြန်မာနယ်စပ်နေ ဒေသခံတွေထံက သိရပါတယ်။
မန့်ဝိန်းပေါက်ကနေ ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ၊ မနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ထွက်ခွင့်ပြုလိုက်တာလို့ ကျယ်ဂေါင်မှာ နေထိုင်သူ ကိုကိုကျော်သက်က ပြောပါတယ်။
တရုတ်ဘက်က ကုန်ကား ထုတ်ပေးမယ့်ရက် ၃ ရက် သတ်မှတ်ထားပေမယ့် သတ်မှတ် ကား အစီးရေကုန်ရင် ပြန်ပိတ်မှာဖြစ်တဘ်လို့လည်း သိရပါတယ်။
မူဆယ်ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက "မန့်ဝိန်းဂိတ်က တရုတ်ပြည်က ကားတွေလေ၊ ကားပိတ်တုန်းက မြန်မာပြည် ပြန်မယ့် ကားတွေ ရှိတယ်လေ။ အဲဒီထဲက ကား အစီး ၂၀၀ ကျော်ကို ပြန်ထုတ်ပေးမှာပေါ့။ ဘယ်နှစ်ရက်တော့ မဟုတ်ဘူး။ အဲကား ကုန်အောင် ထုတ်မှာပေါ့။ ဒီနေ့ မဟုတ်ရင် မနက် ဖြန်လည်း ပြီးရင် ပြီးမှာပေါ့။" လို့ ပြောပါတယ်။
မြန်မာ - တရုတ် နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်စီးဆင်းရာ ဂိတ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းပေါက်ကို ကျယ်ဂေါင်၊ ရွှေလီမှာ ကိုဗစ်-၁၉ ပိုးတွေ့အကြောင်းပြချက်နဲ့ ဧပြီ ၁ ရက်နေ့ကစလို့ ကုန်တင်ယာဉ် အဝင်အထွက်ကို လုံးဝ ပိတ်လိုက်တာဖြစ်ပြီး အခု မြန်မာဘက် ပြန်ထွက်ခွင့်ပြုလိုက်တာပါ။
တရုတ်နိုင်ငံကျယ်ဂေါင်ဘက်က ထွက်လာတဲ့ကားတွေကို မြန်မာဘက်က ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေက PPE ဝတ်စုံနဲ့ မန့်ဝိန်းဂိတ်ပေါက်မှာ စောင့်ယူရမှာဖြစ်ပါတယ်။
လမ်းမှာယာဉ်ရပ်နားတာ ပြုလုပ်ခွင့်မရှိဘဲ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်က နှင်းနှင်းခိုင် သွင်းကုန်ယာဉ်ရပ်နားကွင်းကို တောက်လျောက် မောင်းနှင် ဝင်ရောက်ရပ်နားရမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ကိုဗစ် Lockdown ကာလ မတိုင်ခင်က ကုန်တင်ပြီး ထွက်မရပဲ ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာကုန်ကား တချို့ကို ဧပြီလ ၁၁ ရက်နေ့ကလည်း ကုန်ကား ကုန်ကား အစီး ၂၀၀ လောက် မူဆယ်ဘက်သို့ ပထမအကြိမ် ထုတ်ပေးခဲ့တာဖြစ်ပြီး ကနေ့ ဇွန်လ ၁ ရက်နေ့မှာတော့ ဒုတိယအကြိမ် ထုတ်ပေးတာ ဖြစ်ပါတယ်။
မန့်ဝိန်းဂိတ်ပေါက်ကနေ တရုတ်ဘက်ကို မြန်မာ့ လယ်ယာထွက်ကုန်တွေနဲ့ တခြားကုန်ခြောက်တွေကို တင်ပို့နေတာဖြစ်ပြီး တရုတ်ဘက်က ကုန်မျိုးစုံကို တင်သွင်းနေတာလည်းဖြစ်ပါတယ်။