DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း အခြေခံပညာကျောင်းများပြန်ဖွင့်၊ ကျောင်းသားဦးရေထက် လုံခြုံရေးကပိုများနေ
DVB
·
June 1, 2021
နိုင်ငံတဝန်း အခြေခံပညာကျောင်းများပြန်ဖွင့်၊ ကျောင်းသားဦးရေထက် လုံခြုံရေးကပိုများနေ
1 / 8
Donate to DVB

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က  အခြေခံပညာစာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်ဒီနေ့ မနက်က  တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ပြန်လည် စတင်ဖွင့်လှစ်ရာမှာ ကျောင်းသူ ကျောင်းသား အများစုက ကျောင်းလာတက်ခြင်း မရှိပါဘဲ ရဲနဲ့စစ်တပ်လုံခြုံရေးတွေ အများအပြား မြင်တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်က ကျေးရွာတွေ အားလုံးလိုလိုမှာ တော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့  ရွာလုံးကျွတ် ကျောင်းမတက်ဘဲ ဆန္ဒပြနေကြပါတယ်။

ဆားလင်းကြီး ဒေသခံကျောင်းသားမိဘတစ်ဦးက "မြို့နယ်အတွင်း CDMဆရာ၊ ဆရာမ များတယ်ဗျ။ ကျနော်တို့ရွာကတော့  စစ်ကောင်စီကဖွင့်လှစ်တဲ့ စစ်ကျွန်ပညာရေးကို အလိုမရှိလို့ ၁၀၀ ရာခိုင်နှုန်း ကျောင်းမတက်ဘူး၊ ကျောင်းမထားဘူးဗျာ။ ပြည်သူကချစ်တဲ့ ပြည်သူ့အစိုးရလာမှ ကျောင်းပြန်ထားမယ်။ ကျနော်တို့ ဆားလင်းကြီးမြို့နယ်အတွင်းကတော့ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းဆိုလို့မရှိသလောက်ဘဲ။ ဖွင့်တဲ့ ကျောင်းဆိုတာ ကျောင်းသားမရှိ၊ စစ်ဘောမတဲ့ဆရာ၊ ဆရာမတွေလောက်သာတချို့ကျောင်းထဲမှာရှိတာ။ ဒါတောင် ကျောင်းဝတ်စုံနဲ့ လာတက်ကြတာမဟုတ်ဘူး။ အရပ်ဝတ်နဲ့ကျောင်းနောက်ဘေးပေါက်ကနေ တိတ်တိတ်လေးလာပြီး နေကြတာ"လို့  ပြောပါတယ်။

ဆားလင်ကြီးမြို့နယ်က ကျေးရွာတိုင်းလိုလို အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ် ပုံစံမျိုးစုံနဲ့  ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာတော့  စစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာ လာရောက်ကျောင်းတက်သူ မရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျောင်းလာတက်သူ ကျောင်းသားဦးရေက မရှိသလောက် နည်းပါးနေပြီးတော့ ကျောင်းထဲမှာလည်း ဆရာ၊ ဆရာမတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က စစ်သားတွေပဲ တွေ့နေရတယ်” လို့ မိုးကောင်းမြို့ ဒေသခံတဦးက ပြောပါတယ်။

ကျောင်းဖွင့်ချိန် မိုးကောင်းမြို့တွင်းမှာ  စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက  ရဲကားတစ်စီး၊ အရပ်ကား နှစ်စီးနဲ့ မြို့တွင်းမှာ လှည့်ပတ်နေကြပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာမှာတော့ စစ်တပ်ဩဇာခံ  Non CDM ဝန်ထမ်းတချို့က ကျောင်းအပ်လက်ခံဖို့ စောင့်နေခဲ့ပေမဲ့ ကျောင်းလာအပ်သူမရှိလို့ ကျောင်းမဖွင့်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

"ကျောင်းမှာက ဝန်ထမ်းစုစုပေါင်း ၂၂ ယောက်ရှိတာပါ အဲ့ဒိ ၂၂ ထဲယောက်ထဲမှာ ၁၁ ယောက်က CDMလုပ်တာဆိုတော့ CDMနဲ့ NonCDM ကထက်ဝက်စီပါ ကျောင်းသားဦးရေကတော့ ၂၀၁၉ ပညာသင်နှစ်စာရင်းအရဆို ၅၀၀ နီးပါးရှိပါတယ်။ ဒီနှစ်တော့ ဘယ်သူမှကျောင်းမအပ်ကြတော့ ကျောင်းဖွင့်မဲ့အစီအစဉ်ပျက်သွားတာပေါ့"လို့ ရွာသားတစ်ဦးက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူအလယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်းသား/ ကျောင်းသူအရေတွက် ၄၀၀ နီးပါးရှိပြီး စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိတာကြောင့် သပိတ်မှောက်တဲ့အနေနဲ့ သားသမီးတွေကိုကျောင်းမအပ်နှံဘူးလို့ ကျောင်းသားမိဘ တစ်ယောက်က ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်က ကျောင်းတွေမှာလည်း ဒီနေ့ ကျောင်းသွားတက်တဲ့ ကျောင်းသား ကျောင်းသူတွေ အနည်းကျဉ်းသာရှိပြီး ၁၀ ရာခိုင်နှုန်းလောက်တောင် ကျောင်းလာတက်သူ မရှိဘူးလို့ လေ့ လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

၂၀၂၁- ၂၂ ပညာသင်နှစ်အတွက်   ရေးမြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း  ၁၇၃ ကျောင်း ရှိပြီး ပညာရေးဝန်ထမ်းပေါင်း ၂ဝဝဝ လောက်ရှိရာမှ ပညာရေးဝန်ထမ်း ၆၁၇ ဦးက CDM မှာ ပါဝင်ထားခဲ့တာပါ။

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာလည်း ကျောင်းသူ ကျောင်းသားအနည်းငယ်နဲ့ ဆရာ/ဆရာမ အနည်းငယ်သာ ကျောင်းကို လာရောက်တာတွေ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဖြူးမြို့နယ်မှာ ပညာရေးဝန်ထမ်းပေါင်း ၂၇၀၀ လောက်ရှိရာမှာ CDM မှာပါဝင်သူ ၁၄၀၀ ရှိကာ လက်ရှိစစ်ကောင်စီက ပညာရေး ဝန်ထမ်း ၈၂၇ ယောက်ကို  တာဝန်မှယာယီရပ်ဆိုင်းထားပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ အခြေခံပညာကျောင်းတချို့ဖွင့်လှစ်ပြီး ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်သူ  ၅ ယောက်လောက်ပဲရှိတယ်လို့  ​ဒေသခံဆီကသိရ​ပါတယ်။ 

မိုးကုတ်မြို့က CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေက ဦးဆောင်ကျောင်းဖွင့်နေပြီး ကျောင်းတက်သူအနည်းငယ်သာရှိကာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့က လုံခြုံရေးရယူပေး ထားတယ်လို့ ဆိုပါတယ်။ 

မိုးကုတ်မြို့ပန်လင်ကျေးရွာက ဆရာမတွေရဲ့ အဆောင်မှာ ဒီမနက် ၁နာရီလောက်က  မီးလောင်ကျွမ်းခဲ့ပြီး ကျောင်းတက်သူမရှိဘူးလို့လည်း သိရပါတယ်။

ရန်ကုန်မြို့ပေါ်က စာသင်ကျောင်းတွေမှာလည်း ကျောင်းသားအများစု ကျောင်းမတက်ကြသလို တာမွေမြို့နယ် လူဦးရေ ထူထပ်တဲ့ ရပ်ကွက်တစ်ခုက မူလတန်းကျောင်းတစ်ကျောင်းမှာတော့  ကျောင်းလာတက်တဲ့ ကျောင်းသား ၅ ယောက်သာရှိပြီး လုံခြုံရေးတွေက ကျောင်းရှေ့မှာ သံဆူးကြိုးတွေနဲ့ တားဆီးကာရန်စောင့်နေကြတာ မြင်တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေက အခြေခံပညာကျောင်းတွေမှာတော့ ပထမဆုံး ကျောင်းဖွင့်ရက်မှာ ကျောင်းတက်လာကြတဲ့ ကျောင်းသားကျောင်းသူ များတာကို တွေ့ရပါတယ်။

စစ်ဘေးနဲ့ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေအတော်များများမှာလည်း ဒီနေ့ ကျောင်းဖွင့် ချိန် ကျောင်းပြန်လာတက်ကြတဲ့ ကျောင်းသားတွေ များတယ်လို့ သိရပါတယ်။ 

ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမအပ်ကျောင်းမတက်ကြတာရှိသလို  ကျောင်းသားမိဘတချို့ကတော့  ကျောင်းအပ်ချင်ပေမဲ့ သူတို့ရဲ့ကလေးတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တာ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှာကို ကြောက်ရွံ့တကြောင့်  ကျောင်းမအပ်ကြတာလည်းရှိပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကတော့ ကျောင်းတွင်း၊ ကျောင်းပြင်နဲ့  ကျောင်းသားတွေ ကျောင်းသို့လာရာ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးအတွက် စစ်တပ်၊ ရဲ ၊ မီးသတ်အပြင်  အရပ်ဖက် လုံခြုံရေးတွေကိုပါ အသုံးပြုမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013