DVB Logo
Home
မြန်မာသတင်း
မယ်ဟောင်ဆောင် နှင့် လမ်းပန်းတွင် တရားမဝင် မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ 
DVB
·
September 22, 2026
Photo : Maesariang District Administration Office
Photo : Maesariang District Administration Office
Donate to DVB

လတ်တလော ထိုင်းနိုင်ငံမှာ ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သားတွေ စစ်ဆေး နေတာမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင် နဲ့ လမ်းပန်းခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား နဲ့ ရွှေ့ပြောင်းလုပ်သား ၄၀ နီးပါး ဖမ်းဆီးခံရတယ်လို့ သက်ဆိုင်ရာ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းမြို့နယ်ထဲမှာ စက်တင်ဘာ ၂၁ ရက်က ရွာထဲမှာ တရားမဝင် ဝင်ရောက်ထိုင်တဲ့ မြန်မာနိုင်ငံသား ၆ ယောက်နဲ့ သူတို့ကို လက်ခံထားတဲ့ ထိုင်းနိုင်ငံသား ၁ ယောက်ပါ ဖမ်းဆီးခံရတယ်လို့  မဲ့စရီးယန်းမြို့နယ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ 

မဲ့စရီးယန်းမြို့နယ် ဘန့်ကတ်အုပ်စု နယ်မြေ ၉ ဖမော်ရွာထဲမှာ နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက်နေထိုင်နေပြီး ထိုင်းနိုင်ငံသားက သူတို့ကို အိမ်ငှားရမ်းပေးထားကြောင်း တိုင်ကြားချက် ရတာကြောင့် မဲ့စရီးယန်းမြို့နယ်အုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲ၊ လဝကရဲ၊  အမှတ် ၃၃၇ နယ်ခြားစောင့် တပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါတဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီ လောက်မှာ အဆိုပါရွာထဲက နေအိမ် ၂ အိမ်ကို  သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

အဲဒီနောက် ထိုင်းမှာ နေထိုင်ခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၆ ယောက် (အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၃  ယောက်) တို့ကို ခွင့်ပြုချက်မရှိဘဲ ထိုင်းအာဏာစက်နယ်မြေထဲ ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူဖို့ ဖမ်းဆီးလိုက်ပါတယ်။ 

ဒါ့အပြင် သူတို့ငှားနေတဲ့ အိမ်ရှင်ဖြစ်သူ အသက် ၂၃ နှစ်ရွယ် ထိုင်းအမျိုးသားတယောက်ကိုလည်း တရားမဝင်နေထိုင်သူတွေအား ကူညီလက်ခံထားမှု၊ အဖမ်းမခံရအောင်ကာကွယ်ပေးမှုတွေနဲ့ အရေးယူဖို့ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လမ်းပန်းခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် မနက်စောစောက လမ်းပန်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ လမ်းပန်း မြို့တွင်းရှိ အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေ စတဲ့ ဖျော်ဖြေရေးဆိုင်တွေ သွားရောက် စစ်ဆေးခဲ့ပါတယ်။ 

လမ်းသွယ် ၈ ရှိ ဆိုင်တဆိုင်ကို ဝင်ရောက်စစ်ဆေးတာမှာ အဆိုပါဆိုင်ဟာ ဥပဒေက သတ်မှတ်ထားတဲ့ အချိန်ထက် ပိုမိုဝန်ဆောင်မှုပေးတာကြောင့်  ဆိုင်ထဲရှိ ဝန်ထမ်း၊ အလုပ်သမား နဲ့ ဧည့်သည်တွေပါ အားလုံး ၅၂ ယောက် (အမျိုးသား ၃၃ ယောက် အမျိုးသမီး ၁၉ ယောက်) တို့ကို အသေးစိတ်စစ်ဆေးဖို့ ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ 

စစ်ဆေးချက်အရ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား ၃၄ ယောက် (အမျိုးသား ၂၆ ယောက် ၊ အမျိုးသမီး ၈ ယောက်) ဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့် အထောက်အထားတစုံတရာ မပြသနိုင်ခဲ့ဘူး။ သူတို့ထဲမှာ အသက် ၂၀ နှစ်အောက် အရွယ်မရောက်သေးသူ ၁၃ ယောက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သူတို့ကို လဝက ဥပဒေ၊ အလုပ်သမား ဥပဒေတွေနဲ့ အရေးယူပြီး ပြည်နှင်ဒဏ်ပေးဖို့ အတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ 

အဆိုပါ ရွှေ့ပြောင်းလုပ်သားတွေဟာ ဘယ်နိုင်ငံသားလို့ မဖော်ပြပေမဲ့ မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ချင်းမိုင်ခရိုင်တို့နဲ့  ထိစပ်နေတာကြောင့် မြန်မာနိုင်ငံသားတွေလို့ ယူဆရပါတယ်။ 

အဆိုပါ ဖျော်ဖြေရေးဆိုင်ကိုလည်း သတ်မှတ်ထားတဲ့ အချိန်ထက် ပိုဖွင့်တာ၊ အသက်မပြည့် ကလေး တွေကို ဆိုင်ထဲဝင်ခွင့်ပြုတာတွေကြောင့် ဆိုင်ဖွင့်ခွင့် ၅ နှစ်တာ ပိတ်သိမ်းသွားဖို့ ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။ 

Source - Maesariang District Administration Office / ထိုင်းအုပ်ချုပ်ရေးဌာန 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013