ရန်ကုန်က ပုဂ္ဂလိက ဘဏ်တွေရဲ့ ATM စက်တွေမှာ ငွေလာထုတ်တဲ့သူတွေများနေတဲ့အတွက် ပြည်သူတွေဟာ တန်းစီနေရရုံသာမကဘဲ လက်မှာ ဆော့ပင်နဲ့ နံပတ်ရေးပြီး တန်းစီငွေထုတ်နေကြရပါတယ်။
ပုဂ္ဂလိက ဘဏ်တွေရဲ့ ATM စက်တွေကနေ လူတစ်ဦးကို တစ်ရက် ကျပ် နှစ်သိန်း၊ တစ်ပတ် ကျပ် လေးသိန်းသာ အများဆုံးထုတ်ယူဖို့ ဘဏ်တွေက ကန့်သတ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေမှာ ငွေသားထုတ်ပေးတာကို ကန့်သတ်လိုက်တဲ့အတွက် ပြည်သူတွေကြားမှာ ငွေသားရဖို့ ခက်ခဲခဲ့တာပါ။
ဘဏ်ထဲကငွေကို အပြင်ကငွေသားနဲ့လဲလှယ်တဲ့ ဈေးကွက်တစ်ခုလည်းဖြစ်နေပြီး ဝန်ဆောင်ခ သဘောမျိုး ၁၀ ရာခိုင်နှုန်းနဲ့အထက် ပေးရတာတွေလည်း ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဘဏ်တွေအပေါ် ယုံကြည်မှုမရှိတော့တဲ့အတွက် ပြည်သူတွေက ငွေသားအပ်နှံမှုမရှိတော့ဘဲ ငွေသားထုတ်ယူမှုတွေပဲ ရှိနေပါတယ်။