DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲ အောင်ပွဲရဲ့စံနမူနာ
DVB
·
May 31, 2021
မိုးဗြဲတိုက်ပွဲ အောင်ပွဲရဲ့စံနမူနာ
Donate to DVB

မေလ ၂၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က  ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်‌ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။

မိုးဗြဲရဲစခန်းမှာ ရဲနဲ့စစ်သား ပူးပေါင်းအင်အား တပ်စုတစ်စုလောက်  ၂၅ ယောက်ဝန်းကျင် နေရာယူထားကြပါတယ်။ ရဲစခန်းဆိုတော့လည်း အခိုင်အမာ ဘန်ကာ-ကတုတ်ကျင်းတွေ တောင့်တောင့်တင်းတင်း တည်ဆောက်ထားခြင်း မရှိပါဘူး။ မိုးဗြဲရဲစခန်းဆိုတဲ့ ကမ္ဗည်းကျောက်စာတိုင်လေးသာ ထူထားပြီး၊ ခြံစည်းရိုး အုတ်နံရံတောင် သတ်သတ်မှတ်မှတ် ရှိပုံမရပါဘူး။ သစ်ပင်တွေ ဝိုင်းထားတဲ့ ကွင်းပြန့်ထဲမှာ ကွန်ကရစ်တိုက်ကလေး တစ်လုံးသာ ထီးထီးမားမား ရှိပါတယ်။

ဒီရဲစခန်းကို အင်အားတစ်ရာဝန်းကျင်လောက်ရှိနိုင်တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေး အင်အားစုတွေက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ တူညီတဲ့ စစ်ယူနီဖောင်းတွေ အမြဲတမ်းတပ်ဖွဲ့ဖို့ ဝတ်ဆင်မထားနိုင်ခဲ့ကြပါဘူး။ အများစုက ဂျင်းဘောင်းဘီ ရှမ်းဘောင်းဘီနဲ့ အင်္ကျီနက်တွေ အရပ်ဝတ်တွေ ဝတ်ဆင်ထားကြပါတယ်။ တချို့မှာ ဦးထုပ်တွေ ခမောက်တွေ ဆောင်းထားကြပေမဲ့ ပုခုံးတံဆိပ် ရင်ထိုးတံဆိပ်တွေ မပါကြပါဘူး။ ထူးထူးခြားခြား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးသင်တန်း ဂျာစီဝတ်ထားသူ တယောက်တောင် ပါဝင်ပါတယ်။

ကိုင်ထားတဲ့ လက်နက်အများစုက တူမီးသေနတ်၊ ပြောင်းချောတလုံးပြူး၊ နှစ်လုံးပြူးသေနတ်တွေဖြစ်ပြီး၊ တချို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ M-16 သေနတ်တွေ ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။ AK-47 တွေ၊ M-22 တရုတ်လုပ် တိုက်ခိုက်ရေး ရိုင်ဖယ်တွေ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးတွေကိုတော့ အတော်များများ သုံးစွဲ ပစ်ခတ်နိုင်ခဲ့ကြပါတယ်။

ကယားပြည်နယ် မိုးဗြဲဒေသတဝိုက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားရပ်တည်ခဲ့တာ တွေ့ရှိပါတယ်။ ကရင်နီပြည်သူ့တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (က၊လ၊လ၊တ)၊ ကယန်းပြည်သစ်ပါတီတို့ အခိုင်အမာရပ်တည် လှုပ်ရှားလျက် ရှိပါတယ်။ အရင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့ (ရ၊လ၊လ၊ဖ) လို ပအို့ဝ်တပ်ဖွဲ့ဝင်ဟောင်းတွေလည်း ရှိနေကြဆဲပါပဲ။

ဒါကြောင့် ဗိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုက်ပွဲဝင် ရိုက်ဖယ်သေနတ်တချို့ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသလို၊ တိုက်ပွဲအတွေ့အကြုံရှိတဲ့ ရဲဘော်ဟောင်းကြီးတွေလည်း ပါဝင်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ကယားပြည်နယ် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပါဝင်ကူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရယ်လို့တော့ တဖွဲ့မှ မရှိခဲ့ပါဘူး။ ဒီးမော့ဆိုအဖွဲ့ကိုတော့ Free Burma Ranger အဖွဲ့က ပါဝင်ကူညီတာ တွေ့ခဲ့ရပါတယ်။

ဒီလိုအခြေအနေအောက်မှာ မိုးဗြဲရဲစခန်းတိုက်ပွဲဟာ လိုအပ်တာထက် အချိန်ပိုကြာခဲ့ပါတယ်။r မနက် ၉ နာရီက စခဲ့တဲ့ တိုက်ပွဲဟာ နေ့လည် ၁၂ နာရီဝန်းကျင်ရောက်မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရဲစခန်းဘက်ကလည်း လက်နက်ကြီးတွေသုံးစွဲ ခုခံနိုင်စွမ်း မရှိခဲ့သလို၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စက်လတ် စက်ကြီးတွေ သုံးစွဲ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခြင်း မရှိပါဘူး။  မိုးဗြဲရေကာတာစောင့်တဲ့ တပ်ရင်း ၄၂၄ ကနေ အမြောက်ပစ်ကူ ပေးနိုင်ခဲ့ပေမယ့်၊ ကာကွယ်ရေးတပ်ဖွဲ့တွေကို မထိဘဲ ပြည်သူအရပ်သား တချို့ပဲ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မိုးဗြဲရပ်ကွက်ထဲက အိမ်ရာတွေကြားကနေ ပြောက်ကျားစနစ်နဲ့ ဝိုင်းပတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့လို့ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရဲစခန်း ကာကွယ်ရေးမြောင်းထဲက  အလောင်းငါးလောင်း အပါအဝင် ရန်သူ့အလောင်း ၁၅ လောင်း ရရှိပြီး၊ လက်နက်ကျဉ်ဆန်မျိုးစုံ အလက် ၂၀ ကျော် သိမ်းဆည်း ရရှိခဲ့ပါတယ်။ လက်နက်ချ သုံ့ပန်း လေးယောက်ကိုလည်း ဖမ်းဆီးရမိလိုက်ပါတယ်။

ဒါကြောင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ‘ရန်သူကိုချေမှုန်း- ရန်သူ့လက်နက် ကိုယ့်လက်နက်’ မူ ကျင့်သုံးနိုင်ခဲ့ကြလို့၊ အခြေခံအင်အား တစုံတရာ တောင့်တင်းသွားပြီလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စုစည်းညီညွတ်မှုရှိရုံမက စစ်ဗျူဟာပရိယာယ်အရ စီမံခန့်ခွဲမှုလည်း အလွန်ကောင်းပါတယ်။ လွိုင်ကော်ကနေ မိုးဗြဲကို စစ်ကူလာတဲ့ စစ်ကောင်စီ ကားတန်းကို ကုန်းသာရွာ အဝင်ကနေ ခြုံခိုတိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ တခါ ဒီလိုခြုံခိုတိုက်ခိုက်မှုက လွတ်သွားတဲ့ စစ်ကားတွေကို ပီကင်း-ကောခိုရွာနားက ထပ်ဆင့်တိုက်ခိုက်လိုက်လို့ မိုးဗြဲကို စစ်ကူမပေးနိုင်တော့ပါဘူး။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ‘ရန်သူကိုချေမှုန်း- ရန်သူ့လက်နက် ကိုယ့်လက်နက်’ မူကို တပြည်လုံးက စံနမူနာယူပြီး ဆုပ်ကိုင်ကျင့်သုံးသွားကြမယ်ဆိုရင် စစ်အာဏာရှင်စနစ် အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ရေး ပြည်သူ့တော်လှန်ရေးဟာ အဆုံးသတ်အောင်ပွဲရမှာ အသေအချာပါပဲ။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013