DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် အခြေခံလူတန်းစားများ ထမင်းတစ်နပ်သာစားနိုင်သည့် အခြေအနေ ရောက်လာ
DVB
·
May 30, 2021
စစ်အာဏာရှင်လက်ထက် အခြေခံလူတန်းစားများ ထမင်းတစ်နပ်သာစားနိုင်သည့် အခြေအနေ ရောက်လာ
Donate to DVB

စစ်အာဏာရှင်လက်ထက်မှာ ရန်ကုန်က အခြေခံလူတန်းစားပြည်သူတချို့ဟာ စားဝတ်နေရေး ပိုမို ကျပ်တည်းလာပြီး တစ်ရက်ကို ထမင်းတစ်နပ်ဘဲ စားနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီလို့  လူမှုအကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် အခြေခံလူတန်းစား မိသားစုတွေဟာ တစ်နှစ်နီးပါး စီးပွားရေး အခက်အခဲ တွေ့ခဲ့ရာက ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စားဝတ်နေရေး ပိုဆိုးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံတဲ့ စက်ရုံ အလုပ်ရုံတွေ အလုပ်ပိတ်သိမ်းနေရပ်ပြန်ကုန်ကြလို့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပြီး အခြေခံလူတန်းစားတချို့ဟာ တရက်ကို ထမင်းတစ်နပ်ပဲစားနိုင်တဲ့ အခြေအနေကို ရောက်နေတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့ Bokashi Myanmar မှ ကိုအင်းဒါးအောင်စိုးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)လို ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့တွေကို စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကဖျက်သိမ်းပစ်တာ၊  လူမှုကူညီပေးနေတဲ့ ပရဟိတသမားတွေကို ပစ်သတ်တာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တွေလည်း ရှိခဲ့ပါတယ်။

Clean Yangon ပရဟိတအဖွဲ့မှ ကိုထူးမြတ်အောင်က “ပရဟိတအဖွဲ့တွေဟာ အခြေခံ ပြည်သူတွေကို အလှူသွားလုပ်ရင်တောင် ပေါ်ပေါ်တင်တင်လုပ်ဖို့ အခြေအနေမပေးတော့ပါဘူး။ ဒီအခြေအနေမှာ ပြည်သူတွေအချင်းချင်းကူ ညီဖေးမတဲ့နည်းလမ်းပဲရှိတော့တယ်”လို့   ပြောပါတယ်။

ရန်ကုန် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံတို့လို မြို့သစ်တွေနဲ့ ကျူးကျော်ရပ်ကွက်တွေမှာနေထိုင်တဲ့ အခြေခံလူတန်းစားပြည်သူတွေဟာ စားဝတ်နေရေးအတွက် ကြုံသလိုဖြေရှင်းနေရပြီး  အခြေအနေပိုဆိုးနေတယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်မှာ အလုပ်တွေက အပြီးရပ်ဆိုင်းကုန်တာဖြစ်တဲ့အတွက် အခြေခံ လူတန်းစား အလုပ်လက်မဲ့ ပြည်သူတွေရဲ့ အခက်အခဲက ရှေ့ဆက်ပိုဆိုးဖို့ပဲရှိတော့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ကိုဗစ်ကာလတုန်းကတော့ အလုပ်တွေက ခဏရပ်နားခဲ့ပေမဲ့ အလုပ်သမားတွေကို လူမှုဖူလုံကြေးထုတ်ပေးတာ၊ အခြေခံလူတန်းစာပြည်သူတွေအတွက်  ငွေကြေးနဲ့ စားနပ်ရိက္ခာကူညီထောက်ပံ့တာတွေရှိခဲ့ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့အနေနဲ့ ပြည်သူတွေကို အလားတူ ကူညီပေးဖို့ အစီအစဉ်မရှိဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

လာမယ့် ၆လအတွင်း မြန်မာနိုင်ငံက လူဦးရေ သုံးသန်းခွဲလောက် အငတ်ဘေးကြုံတွေ့ရနိုင်ပြီး အကူအညီပေးဖို့ပြင်ဆင်နေတယ်လို့ စစ်အာဏာသိမ်းပြီး ၃လအကြာမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013