
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် ပြီး ပြည်သူလူထုပိုင်တဲ့ပစ္စည်း ရွှေငွေပစ္စည်းတွေကို ခိုးဝှက်လုယက် ရမ်းကားဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
မေ ၂၉ ရက် မွန်းလွဲ ၁ နာရီ ခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ယောက်လောက်က ကား ၃ စီးနဲ့ ရွာထဲဝင်လာပြီး ရွာသား ဦးတင်အေးနေအိမ်မှ ငွေကျပ် ၆ သိန်းကျော်နဲ့ ရွှေလက်စွပ်တစ်ကွင်း၊ အသံချဲ့စက်တို့ကို လုယက်သွားတဲ့ အပြင် ဘီယာကတ်ဖာတွေနဲ့ စားဆီတစ်ပုံးနဲ့ အဝတ်ထည်တွေ လုယူသွားပါတယ်။
ဒါ့အပြင် ဦးစိုးဝင်းရဲ့နေအိမ်ဈေးဆိုင်ကနေလည်း ဘီယာဘူးတွေ ယူဆောင်ပြီးနေအိမ်ကိုလည်း ဖျက်ဆီးသွားပါတယ်။
ဦးအောင်သူရဲ့ နေအိမ်မှာတော့ TV တစ်လုံးနဲ့ ငွေကျပ် ၆ သောင်းတို့ကို လုယူသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ရွာတွေကို ဝင်ရောက် စီးနင်း ပြီး ရွာသားတွေကို ဖမ်းဆီးတာ ပြည်သူပိုင် ရွှေငွေပစ္စည်းတွေကို လုယက်ခိုးယူတာတွေလည်း ဆက်တိုက် ပြုလုပ်နေတာဖြစ်ပါတယ်။