DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၄၀ ၊ ဖမ်းဆီးခံ ၅၅၀၀ နီးပါးရှိလာ
DVB
·
May 30, 2021
စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၄၀ ၊ ဖမ်းဆီးခံ ၅၅၀၀ နီးပါးရှိလာ
Donate to DVB

မတရားစစ်အာဏာသိမ်းကာလ ၄ လနီးပါးအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၃၇ ယောက် ကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၉ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၄၈၇ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၃၇၀ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၀၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၈၈၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၁ ယောက်ကို အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၇၇ က စစ်ဆေးဖို့ တားဆီးချိန်မှာရပ်တန့်ပေးခြင်းမရှိတာကြောင့် စစ်ကားနဲ့ တိုက်သတ်ခဲ့တယ်လို့ သိရပြီး ကျဆုံးသွားတဲ့ လူငယ်ဟာ မော်ဒယ်သရုပ်ဆောင်တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက ရဲလှကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ ကျောင်းဆရာ ၁ ယောက်နဲ့ ရွာသား ၂ ယောက်တို့ ကျဆုံးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်တွေဟာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် NLD ပါတီဥက္ကဋ္ဌနဲ့ မကွေးတိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီး ဖြစ်တဲ့ ဦးမြင့်အောင်ကို သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ့ ညအချိန်မှာတော့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ တိမ်းရှောင်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ကို ဖမ်းဆီးရမိခြင်း မရှိတာကြောင့် သူ့ရဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

  ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှာတော့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ကို ဟင်္သာတခရိုင်တရားရုံးမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေချိန်မှ ဖမ်းဆီးခဲ့ကြပြီး ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က)နဲ့ အမှုဖွင့်ခံထားရတယ်လို့ အေအေပီပီက ဆိုပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်းမှာ  မေလ ၂၉ ရက် မနေ့ညက သံပုံးတီးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေအပါအဝင် အနည်းဆုံး ပြည်သူ ၅ ယောက်လောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ 

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013