DVB Logo
Home
မြန်မာသတင်း
သတင်းထောက်တွေရဲ့ ဓာတ်ပုံ ဖျက်ဆီးပြီး ခြိမ်းခြောက်တဲ့အပေါ် ဂျာနယ်လစ်ကွန်ရက် ရှုတ်ချ
DVB
·
November 19, 2013
သတင်းထောက်တွေရဲ့ ဓာတ်ပုံ ဖျက်ဆီးပြီး ခြိမ်းခြောက်တဲ့အပေါ် ဂျာနယ်လစ်ကွန်ရက် ရှုတ်ချ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာတောင်ဘက်မှာ ဆန္ဒပြနေတဲ့ ဒေသခံရွာသားနဲ့ လုံထိန်းရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက်တွေကို နယ်မြေခံရဲတွေက နိုင်ထက်စီးနင်း စစ်ဆေးပြီး သတင်းဓာတ်ပုံတွေကို ဖျက်ခိုင်းတဲ့အပေါ်  မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး  ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။

MJNပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က  လက်ပံတောင်းတောင် ဒေသမှာ  သတင်းသွားရောက် ယူခဲ့တဲ့ အာရှအလင်း သတင်းဂျာနယ်ရဲ့ သတင်းထောက် ဦးမျိုးမြင့်ဇော်နဲ့ ယူနတီ ဂျာနယ်ရဲ့ သတင်းထောက် ဦးကျော်နိုင်တို့ကို  ဒေသခံ လုံထိန်းရဲတွေရဲ့ ဆက်ဆံမှုအပေါ်  မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့က ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စတွေကို နိုင်ငံတော်အကြီးအကဲတွေ သိအောင် ဒီနေ့ပဲ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲချုပ်ဆီ လိပ်မူပြီး စာပို့သလို နိုင်ငံတော်သမ္မတရုံး ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီအစိုးရအဖွဲ့ကို မိတ္တူ ပေးပို့ခဲ့တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ရဲ့အတွင်းရေးမှူးဦးမြင့်ကျော်က ပြောပါတယ်။
“ဦးသိန်းစိန်က မိန့်ခွန်းတွေမှာ တကြိမ်မက ပြောဖူးတယ်။ စတုတ္ထမဏ္ဍိုင်ကို သူတို့ အသိအမှတ်ပြုပါတယ်။ စတုတ္ထမဏ္ဍိုင် အခန်းကဏ္ဍက အရေးကြီးပါတယ်။ စတုတ္ထမဏ္ဍိုင်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကူညီကြပါဆိုပြီး ပြောဆိုထားတယ်။ အဲဒါက သမ္မတ ပြောဆိုချက်။ တကယ်လက်တွေ့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက အဲဒါတွေနဲ့ မကိုက်တာတွေရှိတယ်။ အဲဒါ အစိုးရသိရအောင်၊ ဥပမာ- ၀န်ကြီးက မသိလည်း သိအောင်၊ ၀န်ကြီးက သိတယ်၊ သူသဘောတူထားတယ်ဆိုရင်လည်း သမ္မတ သိအောင် ပြောတာပါ။ ”

ယူနီတီဂျာနယ်က သတင်းထောက် ဦးကျော်နိုင်ကတော့      နိုဝင်ဘာ ၁၄ ရက်နေ့ညက ကြုံ တွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး  အခုလို ပြန်ပြောပြပါတယ်။
“ဆည်တဲကျေးရွာနားက အင်ကြင်းတောင်မှာ သတင်းယူဖို့ သွားနေတဲ့ အချိန်မှာ ကျနော်တို့နဲ့ အတူတူရှိနေတဲ့ သတင်းထောက် ကိုမျိုးမြင့်ဇော်ဆီကို ဖုန်းဝင်လာတယ်။ မိုးကြိုးပြင်တောင်ရွာမှာ ရဲနဲ့ ဒေသခံတွေ အပြန်အလှန် လေးဂွတွေနဲ့ ပစ်ခတ် နေတယ်လို့ သတင်းဝင်လာတဲ့အတွက်ကို မိုးကြိုးပြင် တောင်ရွာထိပ်ကို သွားခဲ့ပါတယ်။ ကျနော်တို့ ရောက်ပြီး ၅ မိနစ်မှာ ရဲကားတွေ ရောက်လာတယ်။ ကားပေါ်က ရဲတွေ ခုန်ဆင်းတယ်။ ဒေသခံတွေကလည်း ပစ်တယ်။ ရဲတွေဘက်က ခါတိုင်း သတိပေးတာတွေ မရှိပဲနဲ့ ပစ် ပစ် ဆိုပြီး ချက်ချင်းပစ်ခတ်တာတွေ တွေ့ခဲ့ရတယ်။ ကျနော်တို့က သတင်းယူပြီး သူတို့ အပစ်အခတ် ရပ်နားချိန်မှာ လုံထိန်းရဲတွေ တပ်စွဲထားတဲ့ မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ကျနော်တို့ ဖြတ်ပြန်တယ်ဗျ။ ရဲတွေရဲ့ အ၀ိုင်းအ၀န်း ရောက်သွားတဲ့အချိန်မှာ ကျနော်တို့ ဆိုင်ကယ်ကို တားတယ်။ ကားပေါ်မှာ ရှိတဲ့ ရဲအရာရှိတယောက်က အဲဒီ ကင်မရာတွေ ရိုက်ခွဲပစ်ကွာဆိုတဲ့ အမိန့်ပေး တယ်။ မီဒီယာတွေ မှန်းသိရက်နဲ့ ဆဲတာတွေ ရိုင်းရိုင်းပြပြ ဆက်ဆံတယ်။ ကျနော်တို့ ကင်မရာတွေကို တောင်းတယ်။ ကင်မရာမပေးတော့ မန်မိုရီ ကတ်ကို တောင်းတယ်။ ကတ်ကို မပေးတော့ အဲဒီညမှာ ရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဖျက်ပေးလိုက်ရတယ်။ ကျနော်တို့ တည်းခိုတဲ့ နေရာတွေကို စစ်ဆေးတာတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ကျနော်တို့ကို တရားခံတယောက်လို ဆက်ဆံသလိုမျိုး ဆက်ဆံတာတွေ ကျနော်တို့ ကြုံတွေ့ရတယ်။ သူတို့ ကျေနပ်ပြီဆိုမှ အဲဒီနေရာကနေ ထွက်ခွာလာရတယ်။”

အစိုးရအနေနဲ့  ဒီမိုကရေစီလမ်းစဉ်ကို သွားနေပါပြီဆိုရင် သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်အောင်၊ သတင်းအမှန်တွေ ချပြနိုင်အောင် မီဒီယာတွေကို ကာကွယ်ပေးဖို့နဲ့ မီဒီယာသုံးပစ္စည်းတွေကို  ကာကွယ်ပေးဖို့ လိုတယ်လို့ ဦးကျော်နိုင်က ပြောပါတယ်။

မြန်မာ ဂျာနယ်လစ်ကွန်ရက်ကတော့ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးပြီး တရားဥပဒေစိုးမိုးမှုရှိရေးနဲ့ သတင်းလွတ်လပ်စွာ ရယူခွင့်ကို အသိအမှတ်ပြုဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့လည်း တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013