DVB Logo
Home
Lead Story
မြောက်ကိုရီးယားတွင် မက်သာအက်ဖက်တမင်း ဆေးသုံးစွဲသူ များလာ
DVB
·
November 19, 2013
မြောက်ကိုရီးယားတွင် မက်သာအက်ဖက်တမင်း ဆေးသုံးစွဲသူ များလာ
Donate to DVB

မြောက်ကိုရီးယား ရီဗြူးဂျာနယ်ရဲ့ မကြာခင်က လေ့လာတွေ့ရှိမှုအရ မြောက်ကိုရီးယား နိုင်ငံမှာ မက်သာအက်ဖက်တမင်း စိတ်ကြွဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေတယ် တာ တွေ့ရှိရပါတယ်။ အများကြားမှာ အိုက်စ်လို့ သိကြတဲ့ ဒီဆေးဟာ ဆေးစွဲသွားနိုင်မှု မြင့်မားပါတယ်။

iceအသက် ၂၅ နှစ် ရှိအရွယ် ကျောင်းသားတဦးဖြစ်တဲ့ ကင်မ်ဟွန်ဘင်း (အမည်ရင်းမဟုတ်) က မက်သာအက်ဖက်တမင်း ဆေးကို မြောက်ကိုရီးယားက ထွက်ပြေးလာခဲ့တဲ့ ၂၀၀၉ ခုနှစ်က နောက်ဆုံးသုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်မြစ်ကို ဖြတ်ပြီး တရုတ်ပြည်ဘက်ကို မကူးခင်ကလေး တင်ပါ။ ကျနော် အဲဒီဆေးကို အများကြီး သုံးခဲ့ပါတယ်။ ကျနော်က တကယ်ကို စိတ်လှုပ်ရှားခဲ့ပါဗျာ။ ကျနော် ၂ ဂရမ် သုံးပါတယ်။ ဆေးကို ၁၀ ကြိမ်လောက် ကျနော် ရှူခဲ့ရတယ်ဗျ။ ဆေးက ကျနော်ကို အာရုံစူးစိုက်နိုင်အောင် လုပ်ပေးခဲ့တယ်လေ။ ကျနော် တွေးနိုင်တာက ချ ချ ချ ပဲ။ အဲဒီဆေးသုံးပြီး ကျနော် ၂ ရက် မအိပ်ဘဲ နေခဲ့တယ်လေ။”

ကင်မ်က သူနဲ့ သူသူငယ်ချင်းတွေဟာ ဆေးကို သုံးလိုက်၊ မသုံးပဲ နေလိုက်နဲ့ ၃ နှစ်လောက် ကြာခဲ့တယ်လို့ ပြောပါတယ်။

သူရဲ့ဇာတိမြို့ ဟင်းမ်ဟမ်းမှာ အိုက်စ်လို့ သိကြတဲ့ ဒီဆေးကို လမ်းတွေပေါ်မှာ ဗြောင်ရောင်းနေကြပြီး အလွယ်တကူ ၀ယ်လို့ရတယ်လို့ ပြန်ပြောပြပါတယ်။

“အဲဒါက သူငယ်ချင်းတွေနဲ့ သုံးရတာ ပျော်စရာ ကောင်းတယ်ဗျ၊ လူမှုရေး ပေါ့ဗျာ။ ကျနော်တို့ တခါ တရားမ၀င်တခု ရခဲ့တယ်ဗျ။ မှောင်ခိုဈေးက တောင်ကိုရီးယားတီဗီ ဆီးရီးစ် ဒီဗွီဒီတခုပေါ့။ အဲဒါက ၂ နာရီ လောက်ကြာတယ်။ ကျနော်တို့က မအိပ်ချင်အောင် အိုက်စ် သုံးပြီး တခုလုံးကို ပြီးတဲ့အထိ ကြည့်ခဲ့ကြတယ်။”

ထရပ်ကားမောင်းသမားတယောက်ကလည်း ညမှာ မအိပ်ပဲ နိုးနေဖို့ အဲဒီဆေးကို သုံးစွဲခဲ့ဖူးတယ်လို့ ပြောပါတယ်။

နောက် အမျိုးသမီးငယ်တယောက်ကတော့ တချို့က အဲဒီဆေးကို ၀က်ခြံ ပျောက်ဖို့ အရေပြား သန့်စင်ပေးတဲ့ အရာတခုအဖြစ် သုံးစွဲကြတယ်လို့ ပြောပါတယ်။

သုတေသနသမားတွေရဲ့ အဆိုအရ မြောက်ကိုရီးယားနိုင်ငံမှာ ခရစ်စတယ်လ် မက်သာ အက်ဖက်တမင်း ဆေးသုံးစွဲသူ များလာတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဆိုးလ် Ewha အမျိုးသမီးတက္ကသိုလ် ပေါင်းစည်းညီညွတ်မှုပညာရပ် ဌာနက ပါမောက္ခ ကင်မ်ဆွတ်ခ်ဟွမ်က ဒီဆေးတွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ် မြောက်ပိုင်းဒေသတလျှောက် မှာ အထူးသဖြင့် ပေါပေါများများ ရနိုင်တယ်လို့ ပြောပါတယ်။

“အဲဒီဒေသမှာ အရွယ်ရောက်သူတိုင်းဟာ တကြိမ်မက သုံးစွဲဖူးသူတွေ၊ တချို့ တခါတလေ သုံးစွဲသူမျိုးတွေ  ဖြစ်နေပြီး စိုးရိမ်ရတဲ့ ဆေးစွဲမှုနှုန်း ရောက်နေပါတယ်။ ကျမ အထင် ၄၀- ၅၀ ရာခိုင်နှုန်းလောက်ဟာ ဆိုးဆိုးဝါးဝါးကို စွဲနေကြတယ်ရှင့်။”

မက်သာအက်ဖက်တမင်း ထုတ်လုပ်မှုဟာ အစိုးရ ကိုင်တွယ်တဲ့ စီးပွားရေး လုပ်ငန်းတွေကနေ နိုင်ငံခြားကို တင်ပို့ ရောင်းချဖို့ ထုတ်လုပ်တာက စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အတော်ကြာက စပြီး ထုတ်လုပ်မှုက စက်ရုံတွေကနေ အိမ်မီးဖိုခန်းတွေဆီ ရွှေ့ပြောင်းလာခဲ့ပြီး ပြည်တွင်းဈေးကွက်ကို ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ကတော့ မြောက်ကိုရီးယားအများစုက အိုက်စ်ကို စွဲသွားစေတဲ့ ဆေးလို့ မထင်ကြဘူးလို့ ပြောပါတယ်။

“အိုက်စ်က အဆင်ပြေတယ်၊ ကောင်းတဲ့ပစ္စည်းတခုပါဗျာ။ သူက အားလုံးကို ကုသနိုင်တဲ့ ဆေးတခုဗျ။ မြောက်ကိုရီးယား ကျေးလက်ပိုင်းတွေမှာက ဆေးရုံရော၊ ဆရာဝန်ရော မရှိကြတော့ အဲဒီဆေးကိုပဲ အရေးပေါ် အခြေအနေတွေအတွက် သုံးနေရတာပေါ့။”

ဒါပေမယ့် မက်သာအက်ဖက်တမင်းသုံးစွဲတဲ့ မြောက်ကိုရီးယားတချို့ကတော့ ဆေးပြတ်သွားအောင် တခြားဆေးတွေကို လှည့်ပြီး သုံးစွဲနေကြပါတယ်။

ဆိုးလ်က မြောက်ကိုရီးယားတွေကို ကူညီပေးနေတဲ့ အုပ်စုတခုရဲ့ ခေါင်းဆောင် ကင်မ်ယောင်အီက “အိုက်စ်က ခင်ဗျားကို တညလုံး နိုးနေအောင် လုပ်ထားတော့ သုံးစွဲသူ အတော်များများ အိပ်ရာမှာ အခက်အခဲ ဖြစ်ကြတာပေါ့ဗျာ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပိုင်းက သူတို့က မှောင်ခိုဈေးက အိပ်ဆေးတချို့ကို စပြီး ၀ယ်သောက်နေကြရပါတယ်။ အစိုးရက အိပ်ဆေး တွေကိုတော့ တကယ်နှိမ်နင်းခဲ့ပါတယ်။ ပြုံးယမ်းဟာ မက်သာအက်ဖက်တမင်းပြဿနာကို သိပါတယ်။ ရပ်ဆိုင်းဖြစ်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေမယ့် အစိုးရအရာရှိတွေအပါအ၀င် သုံးစွဲသူတွေက များလွန်းနေပြီ”  လို့ ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့မှုကို ပထမဆုံး ရင်ဆိုင်ရတာ မဟုတ်ဘူးလို့ ကင်မ်က ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေတုန်းကလည်း မြောက်ကိုရီးယားမှာ ဘိန်းရှုတာ ခေတ်စားခဲ့သေးတယ်လို့ ဆိုပါတယ်။

ကူးပြောင်းလာသူတွေ အခြေချနေထိုင်ရေးကို ကိုင်တွယ် ဆောင်ရွက်ပေးနေတဲ့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့အဆိုအရ မြောက်ကိုရီးယားတွေဟာ သူတို့ရဲ့ နေရာသစ်မှာလည်း မူးယစ်ဆေးဝါးကို ဆက်ပြီး သုံးစွဲနေကြဆဲပဲ ဖြစ်ပါတယ်။

အစိုးရက ထုတ်ဝေတဲ့ သတင်းစာတစောင်မှာ ဆရာဝန်တွေက  တချို့ဒုက္ခသည်တွေဟာ ဆေးစာရဖို့ ဆရာဝန်တယောက်ပြီး နောက်တယောက်ဆီ သွားနေကြတဲ့အတွက် တချို့ဟာ မတော်တဆ ဆေးချိန်လွန်သွားတာမျိုးတွေ ဖြစ်တတ်ကြောင်း အစီရင်ခံ တင်ပြကြတယ်လို့ ဖော်ပြထားပါတယ်။

ဒုက္ခသည် ရှေ့နေတဦးဖြစ်တဲ့ ရှင်မီညိုက တရားဝင်ဆေး၊ တရားမ၀င်ဆေးတွေနဲ့ ပတ်သက်လို့ကတော့ မြောက်ကိုရီးယားရဲ့ ပညာရေးကင်းမဲ့မှုရဲ့ ရိုက်ခတ်မှုပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“တကယ်လို့ မြောက်ကိုရီးယားတွေက တောင်ကိုရီးယားကို မူးယစ်ဆေးဝါးတွေ သယ်ယူလာမယ်၊ ဒါမှမဟုတ် ဒီမှာ သုံးစွဲမယ်ဆိုရင် သူတို့က အဲဒါကို ပျော်ဖို့၊ ပြန်ရောင်းဖို့ တော့ မဟုတ်ပါဘူးရှင်။ သူတို့က အဲဒါကို ဆေးဝါးလို့ ထင်နေ၊ အန္တရာယ်ကင်းတယ်လို့ ထင်ထားတာပါရှင်။”

ရှင်နဲ့ တခြားရှေ့နေတွေကတော့ တောင်ကိုရီးယားအစိုးရအနေနဲ့ မြောက်ကိုရီးယားတွေကို ဆေးဝါးကို စိတ်ချရမှ သုံးဖို့နဲ့ တရားမ၀င်ဆေးဝါးတွေရဲ့ အန္တရာယ်ကို ပညာပေးဖို့၊ သတိပေးဖို့ ပိုပြီး ဆောင်ရွက်ရမယ်လို့ ပြောကြပါတယ်။

ကင်မ်ဟွန်ဘင်းကတော့ မက်သာအက်ဖက်တမင်းဆေးကို စွဲသွားနိုင်တဲ့ဆေးလို့ မထင်သေးပါဘူး။ ဒါပေမယ့် သူက မူးယစ်ဆေးဝါးကိစ္စကို နယ်စပ်မှာပဲ ထားခဲ့ပါပြီလို့ ပြောပါတယ်။

“ဟင့်အင်း ကျနော် အဲဒါကို ထပ်မသုံးစွဲတော့ပါဘူး။ ဘယ်လို အကြောင်းမှလည်း မရှိတော့ဘူးလေ။ အဲဒါကို ကျနော် စမ်းသပ်ခဲ့တဲ့အချိန်တွေက ကျော်လွန်ခဲ့ပြီပဲဗျာ။”

ဂျေဆန်စထရော့သာက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ဆိုးလ်မြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013