DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ်ကတဆင့် ဆန်တင်ပို့မှု ပိုများ
DVB
·
November 18, 2013
တရုတ်-မြန်မာနယ်စပ်ကတဆင့် ဆန်တင်ပို့မှု ပိုများ
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တပ်ပို့ရမှာ ပုံမှန်လမ်းကြောင်းထက် နယ်စပ်ကတဆင့် တင်ပို့မှု ပိုများလာတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာဆန်ဈေးကွက်မှာ ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းမှုရှိနေလို့ ပြည်ပတင်ပို့တဲ့  မြန်မာ့ဆန်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် ပြည်ပကို ပုံမှန်လမ်းကြောင်းနဲ့ ဆန်တင်ပို့မှုတွေ လျော့နည်းလာနေတာပါ။

Rice copyဒါပေမယ့် မြန်မာ-တရုတ် နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာ့အိတ်စပို့စ်ဆန်ဈေးက ကုန်သည်တွေအတွက် တွက်ခြေကိုက်လို့ နယ်စပ် လမ်းကြောင်းကတဆင့် တင်ပို့မှုက ပုံမှန်တင်ပို့မှုထက် များနေတာပါလို့ မြန်မာနိုင်ငံ  ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

၁၀၅ မိုင် နယ်စပ်စခန်းမှာ မြန်မာ့အိတ်စပို့စ် ၂၅ မတ် (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်း) ဧည့်မထဆန် ၁ တန် ဈေးနှုန်းက လက်ရှိမှာ အမေရိကန်ဒေါ်လာ ၄၀၀ လောက် ရရှိပေမယ့် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှာ ဆန် ၁ တန်ကို ကန်ဒေါ်လာ ၃၂၀ ပဲရှိလို့ ဈေးနှုန်းကွာဟမှုက ၁ တန်ကို ဒေါ်လာ ၈၀ နီးပါး ကွာဟမှု ရှိနေတာပါ။

ဒါကြောင့် ကုန်သည်တွေအတွက် တွက်ခြေကိုက်ပြီး ဈေးနှုန်းကွာဟမှုရှိလို့ နယ်စပ်ကတဆင့် တင်ပို့တာလို့ ဦးအောင်သန်းဦးက ပြောပါတယ်။

အခုဘဏ္ဍာနှစ်အတွက် ပြည်ပကို ဆန်တင်ပို့မှုက လက်ရှိမှာဆိုရင် ဆန်တန်ချိန် ၄ သိန်းခွဲ တင်ပို့ထားပြီး နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့မှုက စုစုပေါင်းပမာဏရဲ့ လေးပုံသုံးပုံထိ ရှိနေပါတယ်။

နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းနေတာကြောင့် အခုဘဏ္ဍာနှစ်မှာ  ပြည်ပဆန်တင်ပို့မှု မနှစ်ကထက်  လျော့ကျနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက သုံးသပ်ပြောပါတယ်။

ပြည်ပကို  မြန်မာ့ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ဧပြီကနေ နိုဝင်ဘာအထိ ၈ လတာကာလမှာ ဆန်တန်ချိန် ၇၅၀,၀၀၀ တင်ပို့မှုရှိခဲ့ပြီး ကာလတူအခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၄၅၀,၀၀၀ သာတင်ပို့နိုင်လို့ ဆန်တင်ပို့မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့ကျမှုရှိနေတယ်လို့ ဆိုဆိုပါတယ်။

အခုနှစ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ပဲခူး၊ ရန်ကုန်နဲ့ ဧရာတီတိုင်းဒေသကြီးတွေမှာ ရေကြီးခဲ့ပြီး စိုက်ပျိုးထားရှိတဲ့ လယ်မြေဧက ၁ သိန်းကျော် ရေနှစ်မြုပ်ခဲ့ပါတယ်။ ဒါပေမယ့်  မနှစ်ကရာသီဥတုကြောင့် စိုက်ခင်း  ဧက ၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တာထက်စာရင် နည်းပါးတဲ့အတွက် ဆန်စပါးထုတ်လုပ်မှုကို ထိခိုက်မှာ စိုးရိမ်စရာမလိုကြောင်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြည်တွင်းမှာ စိုက်ပျိုးထားရှိတဲ့ မိုးစပါးက အခုလဆန်းကစ ဈေးကွက်အတွင်း ၀င်ရောက်နေပြီဖြစ်ပြီး ဆန်ဈေးနှုန်းက ဧည့်မထ ၂၅ မတ်ဆန် (အသစ်) ၁ အိတ်ကို  ၁၃,၈၀၀ ကျပ်၊  ဧည့်မထ ၂၅ မတ်ဆန် (အဟောင်း) က ၁ အိတ်ကို  ၁၄,၈၀၀ ကျပ်နှုန်းနဲ့ ဈေးတည်ငြိမ်နေတယ်လို့ သိရပါတယ်။

သတင်းနားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013