DVB Logo
Home
မြန်မာသတင်း
လူမျိုးဘာသာ မခွဲခြားဘဲ အိုအိုင်စီ ကူညီမည်
DVB
·
November 18, 2013
လူမျိုးဘာသာ မခွဲခြားဘဲ အိုအိုင်စီ ကူညီမည်
Donate to DVB

ရခိုင်ပြည်နယ်က အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေအတွက် လူမျိုး ဘာသာ မခွဲခြားဘဲ လူသားချင်း စာနာမှုနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေကို မြန်မာ အစိုးရကတဆင့် ပေးသွားမယ်လို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး အကောင်ထည်ဖော် ဆောင်ရွက်ရေး ဗဟိုကော်မတီနဲ့ အိုအိုင်စီတို့ ပူးတွဲထုတ်ပြန်ချက်မှာ  လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်း စာနာမှု အကူအညီတွေကို အစိုးရကတဆင့် ပေးသွားမယ်လို့ အိုအိုင်စီက ကြေညာထားတာ ဖြစ်ပါတယ်။

အိုအိုင်စီ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ၄ ရက်တာ မြန်မာခရီးစဉ်အပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံအခွင့်အရေးတွေကို တားမြစ်ထားတဲ့ ဥပဒေတွေကိုလည်း ရုပ်သိမ်းပေးဖို့နဲ့ ဥပဒေတွေကို ဆက်လက် ပြုပြင်ပေးဖို့လည်း အိုအိုင်စီက အစိုးရကို တောင်းဆိုပါတယ်။

အိုအိုင်စီ အတွင်းရေးမှူးချုပ်က  ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့သလို ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ရော မွတ်စလင် အသိုင်းအ၀န်းနဲ့ပါ တွေ့ဆုံပြီး ငြိမ်းချမ်းစွာ သဟဇာတရှိရှိ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် ၂ ဖက် အသိုင်းအ၀န်းကို ကူညီဖို့ ကြိုးစားသွားမယ်လို့ အာမခံတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ  ရေးသားထားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ခေါင်းဆောင်မှုအောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲတွေကို အိုအိုင်စီက လေ့လာခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

OICအေပီသတင်းဌာနမှာတော့ အိုအိုင်စီအတွင်းရေးမှူးချုပ်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်မှာ  ခံစားချက်ကြောင့် မျက်ရည်ကျမိတဲ့ အကြောင်း  ရေးသားထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ သံဃာတော်တွေအပါအ၀င် လူပေါင်း  ထောင်နဲ့ချီပြီး အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ ကိုင်ဆောင်တဲ့ ပိုစတာတွေမှာ ရေးသားထားတဲ့ စာသားတွေဟာ အစ္စလာမ်သာသနာတော်ကို ညှိုးနွမ်းစေသလို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သော လည်းကောင်း တည်ဆဲဥပဒေနဲ့သော လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့သော လည်းကောင်း မကိုက်ညီတဲ့အတွက် အရေးယူပေးဖို့ အစ္စလာမ် ဘာသာဝင်တွေက သမ္မတ ဦးသိန်းစိန်နဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ထံကို စာရေးသား ပေးပို့ တောင်းဆိုခဲ့ပါတယ်။

လူအများစု သက်ဝင် ယုံကြည်တဲ့ဘာသာကို စော်ကားမိတယ် ဆိုပါက အရေးယူ ဆောင်ရွက်ဖို့ လိုသလို အနာဂတ်ကာလမှာ ဒီလို အမှားမျိုး ထပ်ကျူးလွန်တာကို တားဆီးဖို့ အတွက် တောင်းဆိုတာ ဖြစ်တယ်လို့  ဦးဆောင် တိုင်ကြားသူ တဦးဖြစ်တဲ့ ဦးအောင်မျိုးလွင်က ပြောပါတယ်။

“ဒါမျိုးလုပ်တာ မကောင်းဘူးဆိုတာကို မကောင်းဘူးဆိုတာ ဖြစ်ပေါ်လာရေးအတွက်ကိုပဲ အစိုးရက အရေးယူ ဆောင်ရွက်ပါ၊ အရေးယူတယ်ဆိုတာကလည်း သူတို့ကို ဖမ်းချုပ် ထောင်ထဲထည့် ဒီလိုပုံစံကို ဖြစ်စေလိုတဲ့ ဆန္ဒတော့ မဟုတ်ဘူး၊ အရေးယူပြီး ဆောင်ရွက်တယ်ဆိုတာကလည်း ဒါမျိုး နောက်မဖြစ်အောင် ဘယ်လို တားမလဲ၊ ရဲတပ်ဖွဲ့တွေကလည်း ရှိနေတယ်၊ မြင်နေတယ်၊ ဒါကို အရေးယူဆောင်ရွက်ဖို့ မသိတာလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ သတိပြုမိသွားတယ်ဆိုရင် နောင်ဆိုရင် ဒါကြီးက သူများဘာသာ စော်ကားတာ မလုပ်ရဘူး၊ ဒါ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်တယ်၊ နည်းဥပဒေနဲ့လည်း ဆန့်ကျင်တယ်၊ ဘာသာရေး လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ဆန့်ကျင်တယ်၊ လူပေါင်းများစွာ ကိုးကွယ်တဲ့ နှလုံးသား ငြိုငြင်စေတဲ့အရာ မလုပ်ရဘူးဆိုတာကိုတော့ ကျနော်ထင်တယ် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း သတိပြုမိစေရန် အလို့ဌာ ကျနော်တို့ လုပ်ဖို့ တာဝန်ရှိပါတယ်။”

အိုအိုင်စီအဖွဲ့မှာ  အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပါအ၀င် အာဆီယံအဖွဲ့ဝင် မလေးရှာနဲ့ အင်ဒိုနီးရှားတို့အပါအ၀င် နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်သလို ထိုင်းက လေ့လာသူအဖြစ်နဲ့ ပါဝင်နေပါတယ်။ ၂၀၁၂ ခုနှစ်မှာလည်း တရုတ်က လေ့လာသူအဖြစ် တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013