စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ မေ ၂၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအား အကြမ်းဖက်ဖြိုခွဲတာ၊ ဖမ်းဆီး ထောင်သွင်းအကျဉ်းချတာ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ စတဲ့ လူသားမျိုးနွယ်ပေါ် ပြစ်မှုတွေ ကျူးလွန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီအရေးကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ တိုင်းရင်းသားဒေသရှိ ပြည်သူလူထုအပေါ် စစ်အင်အားအလွန်အကျွံ အသုံးပြုပြီး စစ်ရာဇဝတ်တွေကို အဆက်မပြတ် ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ခန္တီးမြို့နယ်ရှိ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသော တော်လှန်ရေးလူငယ်အစုအဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခန္တီး) ဟာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) က တရားဝင်ဖွဲ့စည်းထူထောင်လိုက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defense Force) ရဲ့ ကာကွယ်ရေးဆိုင်ရာမူဝါဒတွေကို လိုက်နာကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့ အပြစ်မဲ့ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေအား ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိအောင် နှောက်ယှက်တာ ဖမ်းဆီးခြိမ်းခြောက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်လုပ်ဆောင်နေပါက အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့တွေ၊ လက်ပါးစေသူလျှိုဒလန်တွေ ရရာနည်းလမ်းပေါင်းစုံနဲ့ ခုခံကာကွယ်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။