
ရေနံ ၁ စည်ဈေးနှုန်း ဒေါ်လာ ၁၅၀ ဖြစ်ပါက ကမ္ဘာ့စီးပွားရေးပျက်မယ်လို့ အမေရိကန်ဘဏ္ဍာရေးကုမ္ပဏီ BlackRock က ပြောပါတယ်။
ရေနံနဲ့ပတ်သက်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှု ခံနေမယ်၊ ဒါမှမဟုတ် ရေနံ ဈေးဆက်ပြီးမြင့်နေမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်လာမယ်လို့ ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးကုမ္ပဏီ BlackRock ရဲ့ မန်နေဂျာလယ်ရီဖင့်က ပြောပါတယ်။
BlackRock ဟာ ကမ္ဘာအနှံ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၄ ထရီလီယံနဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုမ္ပဏီပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အီရန်ပဋိပက္ခနဲ့ပတ်သက်ပြီး အဆုံးစွန်ထိ ဖြစ်လာနိုင်ခြေတွေကို ခန့်မှန်းဖို့ စောသေးပေမဲ့ ဖြစ်နိုင်ခြေ ၂ ခုရှိတယ်လို့ ဖင့်က ယုံကြည်ထားပါတယ်။
၁ ခုက ဒီပဋိပက္ခ တည်ငြိမ်ပြီး အီရန်က နိုင်ငံတကာက သင်္ဘောတွေ ဖြတ်သန်းခွင့်ပေးမယ်ဆိုရင် ရေနံဈေးနှုန်းက စစ်မဖြစ်ခင်ကလို ကျမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလိုမဟုတ်ရင်တော့ ရေနံဈေး ဒေါ်လာ ၁၅၀ နားအထိ ကပ်လာမယ်ဆိုရင် စီးပွားပျက်မှုနဲ့ စီးပွားကျဆင်းမှုတို့ ကြုံတွေ့မယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းတွေ ဖော်ပြချိန်မှာပဲ ရေနံဈေးဟာ ၁ စည်ကို ဒေါ်လာ ၁၀၀ ကျော်လာပါတယ်။
အီရန်စစ်ပွဲဟာ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဦးတည်နေကာ လာမဲ့ဧပြီလ ဥရောပမှာ ဆီပြတ်လပ်မှုနဲ့ ကြုံနိုင်တယ်ဆိုပြီး ဆီကုမ္ပဏီကြီးဖြစ်တဲ့ Shell က သတိပေးထားပါတယ်။
ရေနံဈေးတက်လာမှုဟာ ဗြိတိန်နိုင်ငံမှာလည်း စွမ်းအင်ဈေးနှုန်းတွေ တိုးမြင့်လာခဲ့ပြီး ကိုယ်ပိုင် ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုကို အာရုံစိုက်ရမဲ့ အခြေအနေကို ရောက်လာပါတယ်။
ဗြိတိန်နိုင်ငံမှာ ဆိုလာစနစ်၊ လေအားစနစ်နဲ့ ဟိုက်ဒရိုကာဘွန်စနစ်တွေ အသုံးပြုနေပါတယ်။
ရေနံဈေးသာ ၁ စည်ကို ဒေါ်လာ ၁၅၀ ကျော်လာရင် နိုင်ငံတိုင်းဟာ ဆိုလာစနစ်တွေ၊ လေအားလျှပ်စစ်စနစ်တွေကို အသုံးပြုရမှာပါ။
နိုင်ငံတွေဟာ စွမ်းအင် ၁ ခုတည်းကို မမှီခိုသင့်ဘူးလို့လည်း ဖင့်က ပြောပါတယ်။ ရေနံဈေးဟာ ၂၀၀၇-၀၈ ခုနှစ်တုန်းက ၁ စည်ကို ဒေါ်လာ ၁၀၀ ကျော် မြင့်တက်ခဲ့ဖူးပြီး အဲဒီတုန်းက အဖြစ်အပျက်နဲ့ မတူညီဘူးလို့ ဖင့်က ပြောထားပါတယ်။
Source: Reuters










