DVB Logo
Home
Lead Story
နိုင်ငံရေးဆွေးနွေးပွဲ ချက်ချင်းလုပ်ရန် ချင်းညီလာခံတောင်းဆို
DVB
·
November 18, 2013
နိုင်ငံရေးဆွေးနွေးပွဲ ချက်ချင်းလုပ်ရန် ချင်းညီလာခံတောင်းဆို
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ချင်းပြည်နယ် မြို့တော် ဟားခါးမှာ ပထမဆုံးအကြိမ် ချင်းအမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံမှာ တက်ရောက်သူ အဖွဲ့အစည်းများရဲ့ ဘုံသဘောတူညီချက် ၁၃ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

dr shwe kharrထုတ်ပြန်ချက်ထဲမှာ ပါရှိတဲ့  အကြောင်းအရာတချို့နဲ့ပတ်သက်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ် ချင်းအမျိုးသားတပ်ဦးရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တဲ့  ဒေါက်တာဆလိုင်းရွှေခါးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ချက်ချင်း လုပ်ဖို့ တောင်းဆိုတယ်။ အစိုးရက ပြောထားတာနဲ့ အတူတူပဲလား။

“အစိုးရက တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ် လုပ်ချင်တယ်။ ပြီးမှ နိုင်ငံရေးမူဘောင်တွေ ချချင်တယ်။ ပြီးတော့မှ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်ချင်တယ်။ ကျနော်တို့ဘက်က တင်တာက မူဘောင်ကို သေသေချာချာ ဖြစ်အောင်လုပ်၊ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို စာချုပ်ထဲမှာ ထည့်၊ အဲဒါနဲ့ လက်မှတ်ထိုး၊ ပြီးတော့ ချက်ချင်း အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို စဖို့ ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲတွေ ဖြစ်လာပြီဆိုရင် ချင်းတိုင်းရင်းသားတွေ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မှာလဲ။ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)အနေနဲ့ သွားမှာလား၊ ဒါမှမဟုတ် ချင်းတမျိုးသားလုံး ကိုယ်စားပြု သွားမှာလား။

“အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အားလုံးပါဝင်တဲ့ ပုံစံမျိုးနဲ့ လုပ်မယ်လို့ ပြောကြတယ်။ အဲဒီမှာ ပါဝင်ပတ်သက်တဲ့သူတွေကို အကြမ်းဖျင်း ၃ မျိုး ခွဲခြားလို့ရပါတယ်။ အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ ပြီးတော့ လူမှုအဖွဲ့အစည်းတွေပေါ့။ အဲဒီမှာဆိုရင် ချင်းတွေက အသီးသီးကနေ ပါလာကြမှာပေါ့။ အဲဒီမှာ ဘယ်ပုံစံပဲသွားသွား ကျနော်တို့ ညီလာခံကနေ ချမှတ်ခဲ့တဲ့ အချက်တွေကို ဘုံရပ်တည်ချက်အနေနဲ့ အသုံးပြုပြီးတော့ ပါဝင်ကြဖို့ ကျနော်တို့ ရည်မှန်းထားပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတော့ ဘယ်လိုမျိုး ပြင်မှာလဲ။

“လူထုတွေ့ဆုံဆွေးနွေးပွဲတွေကို ချင်းပြည်နယ် ၉ မြို့နယ်၊ ပြီးတော့ စစ်ကိုင်းတိုင်း၊ မန္တလေးနဲ့ ရန်ကုန်မှာရောပေါ့။ အဲဒီကနေ အနာဂတ် ပြည်ထောင်စုကို ဘယ်လို ထူထောင်ချင်ကြသလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းပေါင်း ၄၀ ကျနော်တို့ လုပ်ပြီး လူထုကို ချပြတယ်။ လူထုတွေရဲ့ အဖြေက အခု ထွက်လာခဲ့ပြီ။ အဲဒီဟာအတိုင်းသွားဖို့ ကျနော်တို့ စဉ်းစားပြီးပြီ။ ပြည်သူဆီက ရလာတဲ့ ရလဒ်အပေါ်မူတည်ပြီး ကျနော်တို့ ဆွေးနွေးမှာပေါ့။”

သယံဇာတတွေ မျှမျှတတ ဥပဒေအတိုင်း ခွဲဝေပေးဖို့ ပြောထားပါတယ်။ ဘယ်လိုမျိုး ဖြစ်စေချင်တာလဲ။

“အဲဒါက အားလုံးပေါင်းပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ ဖြစ်စေချင်တဲ့ဟာကို ပြောကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးရော၊ ချင်းပြည်နယ်မှာ ထွက်တဲ့ဟာရောပါ။ အဲဒါတွေကို စနစ်တကျ ခွဲဝေတဲ့ဟာ ရှိသင့်တာပေါ့။”

ချင်းပြည်နယ်မှာ အရင်အစိုးလက်ထက်က ဘာသာရေး ချိုးဖောက်မှုတွေ ခံရနေရတယ်လို့ ပြောတယ်။ အခု အစိုးရလက်ထက် တက်လာတဲ့အခါမှာကော အခြေအနေ ဘယ်လိုရှိလဲ။

“ညီလာခံရဲ့ ထွက်ပေါ်ချက်မှာတော့ အခုထက်ထိက အတူတူပဲ ဖြစ်နေတယ်လို့ သုံးသပ်ကြတယ်။ အထူးသဖြင့် သာသနာရေးဝန်ကြီးဌာနကို သူတို့က ကော်မရှင်အနေနဲ့ ပြောင်းချင်တာပေါ့။ သာသနာရေး ၀န်ကြီးဌာနဆိုတာ ဒီမိုကရေစီ နိုင်ငံမှာက မရှိတဲ့ ၀န်ကြီးဌာနဖြစ်နေတာကိုး။ အဲဒီဝန်ကြီးဌာနအစား ဘက်မလိုက်တဲ့ သာသနာရေး ကော်မရှင်ကို သူတို့က တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာကော၊ ခရစ်ယာန်ကော၊ မွတ်စလင်ကော၊ နတ်ကိုးကွယ်သူကော၊ ဟိန္ဒူကောပေါ့နော် အကုန်လုံးပါပြီးတော့ ကိုယ်စားပြုပြီးတော့ ဘက်မလိုက်တဲ့ ကော်မရှင်အနေနဲ့ ထားသင့်တယ်လို့ သူတို့ ပြောကြတယ်။”

စားနပ်ရိက္ခာ ဖူလုံမှု မရှိဘူးဆိုတာ အမြဲကြားနေရတယ်။ အစိုးရကိုလည်း နှစ်တိုင်း တောင်းဆိုထားတယ်ပေါ့နော်။ ဒီညီလာခံတက်ရောက်လာကြတဲ့ ချင်းလူမျိုးအဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော တဖက်တလမ်းကနေ ဘယ်လို ကူညီဆောင်ရွက်ကြမှာလဲ။

“ဒီဟာကျတော့ လူသားချင်းဆန်တဲ့ အထောက်အကူတွေကို အခုထက်ထိ လွတ်လွတ်လပ်လပ် ဖြန့်ချိနိုင်ဖို့အတွက် ပယ်စရာတွေက ရှိတုန်းပဲပေါ့နော်။ ဥပမာ - တခုခု လုပ်ချင်ရင် ၀န်ကြီးဌာန ၃ ခုလောက်ကို သွားရတာကိုး။ ပညာရေးလုပ်ချင်လည်း ပညာရေး ဌာနတင်မဟုတ်ဘူး ပြည်ထဲရေးလည်း သွားရတယ် ဘာညာနဲ့ဆိုတော့ အဲဒီ အဟန့်အတားတွေ မရှိပဲနဲ့ လွတ်လွတ်လပ်လပ် ဖြန့်ဝေပေးနိုင်တဲ့ စနစ်ဖြစ်သင့်တယ်လို့ သူတို့ပြောတာ ဖြစ်ပါတယ်။”

အခု ညီလာခံက ဘယ်လောက်အရေးပါတဲ့ ညီလာခံဖြစ်သလဲ။

“အခု ညီလာခံက အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြည်သူတခုလုံးရဲ့ ဆန္ဒပါဝင်လာအောင် ဆွေးနွေးဖို့အတွက် ကျရာ ကဏ္ဍအသီးသီးကနေ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့အတွက်က အခုကျနော်တို့က ဘုံရပ်တည်ချက်လည်း ရရှိလာပြီ၊ ဘုံနည်းဗျူဟာတွေလည်း ရရှိလာပြီ ဆိုတော့ ချင်းလူမျိုးတို့အတွက်ကတော့ တကယ့်အရေးပါတဲ့ဟာ ဖြစ်သွားတာပေါ့နော်။”

ဒီညီလာခံရဲ့ အားနည်းချက်တို့၊ လိုအပ်ချက်တို့ ဘာတွေ တွေ့ရလဲ မသိဘူး။

“ဒီညီလာခံက ၄ ရက်ပဲ လုပ်ရတော့ ကျနော်တို့ မူပိုင်းဆိုင်ရာကို အသေးစိတ် မချမှတ်နိုင်ဘူးပေါ့။ မူလောက်ပဲချမှတ်ပြီးတော့ လုပ်ငန်းပိုင်းဆိုင်ရာကို အသေးစိတ် ချမှတ်တာကို မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ ဆက်လက်ပြီး ဆောင်ရွက်စရာရှိတာပေါ့။ တချို့တွေက အမြင်အမျိုးမျိုးနဲ့ မပါတဲ့ဟာတွေ ရှိတာပေါ့။ အဲဒါကိုလည်း ပါဝင်လာအောင် ကျနော်တို့ လုပ်ရမှာပေါ့။ ”

မပါဝင်လာသေးတဲ့ အဖွဲ့အစည်းတွေကို ပါဝင်လာအောင် ဘယ်လိုမျိုး ဆက်ပြီး ဆောင်ရွက်မလဲ။

“ကျနော်တို့ အခု ညီလာခံက ရလဒ်ကို အကောင်အထည် ဖော်ဖို့အတွက် ပူးပေါင်း ညှိနှိုင်းရေး ကော်မတီကို ၄၅ ဦးနဲ့ ဖွဲ့ထားပါတယ်။ အဲဒီထဲမှာ ပါဝင်လာအောင် ကျနော်တို့က လုပ်ရမှာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013