DVB Logo
Home
Lead Story
ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားနေသည့် ဘုရားကျောင်းပိုင်နက် ဆုံးဖြတ်လိုက်ပြီ
DVB
·
November 18, 2013
ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားနေသည့် ဘုရားကျောင်းပိုင်နက် ဆုံးဖြတ်လိုက်ပြီ
Donate to DVB

နိုင်ငံတကာတရားရုံးက ၁၁ ရာစု ဟိန္ဒူဘုရားကျောင်းတခုရဲ့ နယ်မြေပိုင်နက်အတွက် ၂ နိုင်ငံ အငြင်းပွားနေမှုမှာ အဲဒီကျောင်း တည်ရှိရာနေရာဟာ ထိုင်းနိုင်ငံပိုင်နက် မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံပိုင်ဖြစ်တယ်လို့ စီရင်ဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်မှုဟာ ကမ္ဘောဒီယားနိုင်ငံက ပိုမို ကြီးမားတဲ့ အငြင်းပွားနေတဲ့ နယ်မြေပိုင်နက် အပေါ် ဆုံးဖြတ်ပေးဖို့ တရားရုံးကို လျှောက်ထားလာခဲ့ပြီး ၂ နှစ်အကြာမှာ ချမှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘောဒီယားနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ရှိတဲ့ နိုင်ငံတကာတရားရုံးကို ၁၁ ရာစု ဟိန္ဒူဘုရားကျောင်းကြီးကို ကမ္ဘောဒီယားနိုင်ငံကို ပေးအပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စီရင်ဆုံးဖြတ်မှုကို ပြန်လည်ကြည့်ရှုစစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပါတယ်။

ကမ္ဘောဒီးယားလို ပရိဝိဟာနဲ့ ထိုင်းလို ပရိဝိဟံလို့ သိကြတဲ့ ဘုရားကျောင်းကို ၂ နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

_71043131_zb7ejdu5၁၉၆၂ ခုနှစ် ဇွန်လ ဆုံးဖြတ်ချက်မှာတော့ နိုင်ငံတကာတရားရုံးက ကမ္ဘောဒီးယားကို အနိုင်ပေးခဲ့ပါတယ်။

ဒါပေမယ် ၁၉၆၂ ခုနှစ် စီရင်ဆုံးဖြတ်မှုမှာ ပရိဝိဟာ ကျောင်းကြီးပတ်လည်က ၅ စတုရန်းကီလို မီတာ ရှိတဲ့ မြေနေရာရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိခဲ့ပါဘူး။

ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး နောက်ပိုင်းမှာ ကမ္ဘောဒီယားက နိုင်ငံတကာတရားရုံးကို အခုလို ပြန်ပြီး စီရင်ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဧပြီလထဲမှာတော့ ထိုင်းနဲ့ကမ္ဘောဒီယား ၂ နိုင်ငံလုံးက သူတို့ရဲ့ အမှုတွေကို နိုင်ငံတကာ တရားရုံးကို တင်ပြလာခဲ့ ကြပါတယ်။

ကမ္ဘောဒီယားရဲ့ အနေအထားကတော့ ၁၉၆၂ ခုနှစ် စီရင်ဆုံးဖြတ်မှုအရ အဲဒီမြေနဲ့ ပတ်သက်ပြီး ရယူခွင့်ရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကတော့ အဲဒါကို ငြင်းပယ်ထားခဲ့ပြီး နိုင်ငံတကာတရားရုံးအနေနဲ့ အငြင်းပွားနေတဲ့နေရာကို စကတည်းက စီရင်ဆုံးဖြတ်ခွင့် အခွင့်အာဏာ မရှိခဲ့ဘူးလို့ တင်ပြ ပြောဆိုထားခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ကတော့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက သူရဲ့ စီရင်ဆုံးဖြတ်မှုကို ချမှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာတရားရုံးက ခုံရုံးရဲ့ ဥက္ကဋ္ဌ ပီတာတွမ်ခါက "ပရိဝိဟာရဲ့ ကုန်းတော် ပိုင်နက်နေရာ အားလုံးဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်လို့ ဆုံးဖြတ်ထားတဲ့ ၁၉၆၂ ခုနှစ် ဇွန်လက စီရင်ဆုံးဖြတ်မှုအရ တညီတညွတ်တည်း ကောက်ချက် ချထားခဲ့ပြီး ဖြစ်ပြီး ခု စီရင်ဆုံးဖြတ်မှု အပိုဒ် ၉၈ မှာ သတ်မှတ် ဖော်ပြထားတဲ့အတိုင်း ထိုင်းနိုင်ငံအနေနဲ့ အဲဒီနယ်မြေမှာ စခန်းချ တပ်စွဲထားတဲ့ ထိုင်းစစ်တပ် ဒါမှမဟုတ် ပုလိပ်တပ်ဖွဲ့ ဒါမှမဟုတ် အစောင့်အကြပ် ဒါမှမဟုတ် ထိန်းသိမ်းစောင့်ရှောက်သူတွေကို အဲဒီနယ်မြေက ဆုတ်ခွာပေးရမယ့် တာဝန်ရှိပါတယ်" လို့ ပြောပါတယ်။

နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ မလိုက်နာ မနေရ ဖြစ်ပြီး အယူခံ တင်သွင်းခွင့်မရှိလို့ ဆိုထားပါတယ်။

ဒါပေမယ် နိုင်ငံတကာတရားရုံးက ကမ္ဘောဒီယားနိုင်ငံကို ပရိဝိဟာ ဘုရားကျောင်း တည်ထားတဲ့ မြေနေရာကိုသာ ပိုင်ဆိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက အငြင်းပွားနေတဲ့ ကျန်တဲ့နေရာတွေဟာ ၁၉၆၂ ခုနှစ် အမှု စီရင်မှုနယ်ပယ်အတွင်း အကျုံးမ၀င်ခဲ့တဲ့အတွက် တရားရုံးအနေနဲ့ အကဲဖြတ် သတ်မှတ်ပေးဖို့ တာဝန်မရှိဘူးလို့ ဆုံးဖြတ်ထားပါတယ်။

တနည်းပြောရရင်တော့ နိုဝင်ဘာ ၁၁ ရက်နေ့ စီရင်ဆုံးဖြတ်မှုကလည်း ပြဿနာကို သိပ်များများစားစား ရှင်းလင်း မပေးနိုင်ခဲ့ပါဘူး။

ဒါပေမယ့် တရားသူကြီးတွေကတော့ ၂ နိုင်ငံစလုံးကို သူတို့ရဲ့ကွဲလွဲမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းတခုနဲ့ပဲ အဖြေရှာဖို့ သတိပေးထားပါတယ်။

ကမ္ဘောဒီယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖေးဆီဖန်က ဖနွမ်းပင်အနေနဲ့ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံသွားမှာ ဖြစ်ပြီး မတည်မငြိမ် ဖြစ်တာတွေကို ပိုပြီးတိုးပွားလာအောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက် ထိုင်းနိုင်ငံအနေနဲ့လည်း အလားတူပဲ လက်ခံဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဖြည့်စွက်ပြောဆို ခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရက ဖြစ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက်ဖြေရှင်းမှုတွေအတွက် ပူပင် မိတယ်လို့ ဖေးဆီဖန်က ပြောပါတယ်။

"ဟုတ်ပါတယ်။ ကျနော်တို့ စိုးရိမ်ပူပင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အဲဒီဒေသရဲ့ တည်ငြိမ်မှုရှိရေး အခိုင်အမာ ထိန်းသိမ်းသွားမှာပါ။ အစိုးရကလည်း ထိန်းသိမ်းခဲ့ပါတယ်။"

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံလုံးရဲ့ နိုင်ငံရေးက တည်ငြိမ်တဲ့အခြေအနေ မဟုတ်ပါဘူး။ တချို့ လေ့လာသုံးသပ်သူတွေကတော့ သူတို့အနေနဲ့ ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ထဲက အဖွဲ့ဝင် နိုင်ငံ ၂ ခုကြား ထပ်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာမှာကို သူတို့ စိုးရိမ်မိတယ်လို့ မကြာသေးခင် က ပြောခဲ့ကြပါတယ်။

ကမ္ဘောဒီယားနဲ့ ထိုင်းနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ယူနက်စ်စကို အဖွဲ့ကြီးက ပရိဝိဟာကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်ချိန်ကတည်းက ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။

စိုးရိမ်စရာ အကောင်းဆုံး ဘုရားကျောင်းအနားမှာ ပစ်ခတ်တိုက်ခိုက်မှုကတော့ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သီတင်းပတ်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂၀ ကျော် သေ ဆုံးခဲ့ပြီး ဒါဇင်နဲ့ ချီပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အများစုကတော့ စစ်သားတွေပါ။

၂ နိုင်ငံ နယ်စပ်ဒေသက ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာလည်း နေရာ ရွှေ့ပြောင်းခံခဲ့ကြ ရပါတယ်။

သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေက မကြာခင် ရက်ပိုင်းအတွင်းကပဲ ၂ ဘက်စလုံးက ဘုရားကျောင်းကြီးနားက နေရာတွေကို တပ်တွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အာရှဒေသအစီအစဉ်အတွက် ရေဒီယို ဩစတြေးလျက သတင်းထောက် ရောဘတ် ကားမီးဆဲလ်က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013