DVB Logo
Home
Lead Story
အာတူးပီ ပြန်လည်နိုးထလာတော့မှာလား
DVB
·
May 25, 2021
အာတူးပီ ပြန်လည်နိုးထလာတော့မှာလား
1 / 2
Donate to DVB

အာတူးပီ (R2P) ဆိုတာ အစုလိုက်အပြုံလိုက် ရက်စက်စွာဖိနှိပ်သတ်ဖြတ်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထုတွေကို သက်ဆိုင်ရာအစိုးရတွေက မကာကွယ်နိုင်တော့တဲ့အခါ၊ ဒါမှမဟုတ် ကာကွယ်ဖို့ ပျက်ကွက်နေတဲ့အခါမှာ နိုင်ငံတကာအသိုက်အဝန်းက ဝင်ရောက်ကာကွယ်ပေးရတဲ့ ကမ္ဘာ့စည်းမျဉ်းတခုပဲ ဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းကို ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲမှာ ကနေဒါနိုင်ငံက ကမကထပြုတင်သွင်းပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ တရားဝင်သုံးစွဲတဲ့ စည်းမျည်းတခု ဖြစ်လာခဲ့ပါတယ်။ 

၁၉၉၄ မှာ ရဝမ်ဒါမှာ ဖြစ်ခဲ့တဲ့ တွတ်ဆီလူနည်းစု ၆ သိန်းလောက် သတ်ခံရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၁၉၉၅ မှာဖြစ်ခဲ့တဲ့ အပြစ်မဲ့အရပ်သား ၈၀၀၀ အပါအဝင်၊ လူပေါင်း ၂၅၀၀၀ လောက် သေဆုံးသွားခဲ့တဲ့ ဘော့စနီးယား လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ မတားဆီးနိုင်လိုက်ခဲ့တဲ့အပေါ် သင်ခန်းစာယူပြီး၊ ကုလသမဂ္ဂအနေနဲ့ နောက်နောင် အခုလိုရာဇဝတ်မှုတွေကို ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်ပြီး အာတူးပီနည်းလမ်းကို တီထွင်ခဲ့တာပါ။

အာတူးပီနည်းလမ်းမှာ အဓိကလုပ်ငန်းစဉ် သုံးမျိုးပါရှိပါတယ်။ ရက်စက်တဲ့သတ်ဖြတ်ဖိနှိပ်မှုတွေကို သက်ဆိုင်ရာအစိုးရက မကာကွယ်နိုင်တော့ဘူး၊ ဒါမှမဟုတ် ကာကွယ်ဖို့ရန် ပျက်ကွက်နေတဲ့အခါမှသာ အဆင့်ဆင့်ဆောင်ရွက်ပြီး ဆောင်ရွက်စရာ ဘာမှမကျန်တော့မှသာ နောက်ဆုံးနည်းလမ်းအနေနဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို စုပေါင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးတဲ့အခါမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကြောင့် မူလချမှတ်ထားသလိုမျိုး မဖြစ်တော့ဘဲ၊ လစ်ဗျား၊ အီရတ်၊ စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မူလစည်းမျဉ်းနဲ့ လွဲချော်မှုတွေ ဖြစ်ခဲ့တာကြောင့် နောက်ပိုင်းမှာ အာတူးပီဆိုတာသိပ်မသုံးတော့ဘဲ သံချေးတက်နေတဲ့ ဓားဟောင်းကြီးသဖွယ် ဖြစ်နေခဲ့ပါတယ်။

အာတူးပီကျင့်သုံးဖို့ ဆွေးနွေးတိုင်း ဗီတိုအာဏာသုံးပြီး ကန့်ကွက်မှုများတာကြောင့် မအောင်မြင်တာ များပါတယ်။ ဒါပေမဲ့ အခုမြန်မာနိုင်ငံအရေးမှာ အာတူးပီအသံ ပိုပြီးကျယ်ကျယ်လောင်လောင် ဖြစ်လာပြန်ပါတယ်။ မြန်မာ့အရေးက ဖေဖေါ်ဝါရီလမှာ ပေါ်ပေါက်လာပြီး၊ မေလအတွင်းဖြစ်တဲ့ အစ္စရေးပါလက်စတိုင်းအရေးမှာလည်း အာတူးပီကိစ္စ တကြော့ပြန် ကျယ်စွာလောင်စွာ ကြားလာရပါတယ်။ အာတူးပီကို အသက်ပြန်သွင်းဖို့ ကြိုးစားတဲ့အရိပ်အယောင်တွေလည်း တွေ့လာရပါတယ်။ 

မေ ၁၇ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂနှစ်ပတ်လည် အထွေထွေညီလာခံအစည်းအဝေးမှာ အာတူးပီကိစ္စ နှစ်စဉ်အစည်းအဝေးအစီအစဉ်မှာ ထည့်သွင်းဖို့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံတဲ့နိုင်ငံ ၁၁၅ နိုင်ငံ၊ ကန့်ကွက်တာ ၁၅ နိုင်ငံနဲ့၊ ကြားနေက ၂၈ နိုင်ငံရှိတာမို့ သိသာတဲ့ မဲအသာနဲ့၊ အာတူးပီကို နှစ်စဉ် ကုလအထွေထွေညီလာခံရဲ့အစည်းအဝေးမှာ ထည့်သွင်းဖို့ တရားဝင်ဆုံးဖြတ်ချက် ကျသွားခဲ့ပါတယ်။ ဒါဟာ ၂၀၀၉ ကတည်းက အခြေတင်ဆွေးနွေးမှုတွေ စခဲ့ချိန်ကစပြီး အခုလေးကြိမ်မြောက် အချေတင်ဆွေးနွေးပွဲအထိ ၁၂ နှစ်အတွင်း သမိုင်းဝင်ဆုံးဖြတ်ချက် ချလိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် Resolution A/75/L.82 အဖြစ် မဲခွဲဆုံးဖြတ်နိုင်ခဲ့တာပါ။ 

၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် R2P (Responsibility to Protect) ကာကွယ်ရန်တာဝန်၊ (Prevention of Genocide) လူမျိုးတုံးသတ်ဖြတ်မှုမှကာကွယ်ခြင်း၊ (War Crimes) စစ်ရာဇဝတ်မှုတွေ၊ (Ethnic Cleansing) လူမျိုးစုလိုက်ရှင်းလင်းမှုနဲ့ (Crime against Humanity) လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ပတ်သက်တာကို အချေတင်ဆွေးနွေးတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အဖွဲ့ဝင် ၅၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က နိုင်ငံ ၈၈ နိုင်ငံကိုယ်စား ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကြောင့် အထွေထွေညီလာခံကြီးကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံက အာတူးပီနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို နှစ်စဉ် တရားဝင်တောင်းခံနိုင်ခွင့် ရှိသွားပါပြီ။ 

အခု အချေတင်ဆွေးနွေးတာ၊ မဲခွဲတာတွေနဲ့ တချိန်ထဲမှာပဲ၊ ကမ္ဘာတဝန်းရှိ သန်း ၈၀ သော လူတွေဟာ ဖိနှိပ်မှုတွေ၊ ပဋိပက္ခတွေနဲ့ ရက်စက်စွာသတ်ဖြတ်မှုတွေကြောင့် မူလနေထိုင်ရာနေရာတွေကနေ စွန့်ခွာထွက်ပြေးနေရချိန်လည်း ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲဟာ ကမ္ဘာပေါ်မှာ မြောက်များစွာဖြစ်ပျက်နေတဲ့၊ အရပ်သားတွေ တွေ့ကြုံနေရတဲ့၊ စာသင်ကျောင်းလား ဆေးရုံလားဆိုတာ ခွဲခြားမနေဘဲ တိုက်ခိုက်မှုတွေ၊ မုဒိန်းမှုတွေနဲ့ လိင်ဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ပွဲမှာ လက်နက်သဖွယ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို သေလောက်အောင်နှိမ်နင်းဖို့ အင်အားမတန်တဆများတဲ့ တပ်ဖွဲ့တွေကို အသုံးချနေတာတွေနဲ့၊ လူနည်းစုတွေအပေါ်မှာ စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့တွေနဲ့ ဖိနှိပ်နေတာတွေကို အမှန်တကယ် အသိအမှတ်ပြုလာမှု တခုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အာတူးပီဟာ အင်အားနည်းတဲ့လူတွေအပေါ် ရက်စက်စွာသတ်ဖြတ် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထိရောက်ဆုံး စည်းမျဉ်းတခုအဖြစ် ကျန်ရှိနေခဲ့တာပါ။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု စတာတွေအပေါ် ကြေညာချက် စကားလုံးထုတ်နုတ်ချက်သာ မဟုတ်တော့ဘဲ၊ လူ့အသိုင်းအဝိုင်းအတွင်း အဆိုးဆုံးအန္တရာယ်ကျရောက်နေသူတွေအတွက်ကတော့ အာတူးပီဟာ ကတိကဝတ်တခု ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲမှာ အာတူးပီကို ပြန်လည်အာမခံပေးခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို ထုထည်ကြီးမားတဲ့ ရက်စက်စွာသတ်ဖြတ်မှု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ ခြိမ်းခြောက်မှုကို ကြုံနေတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်နဲ့တပြေးညီ ဆုံးဖြတ်တုံ့ပြန်ဆောင်ရွက်နိုင်စေရန် အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အထွေထွေညီလာခံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ဓားတုံးကြီးသဖွယ်ဖြစ်နေတဲ့ အာတူးပီကို ပြန်သွေးခြင်းဖြင့် တဖန်ပြန်လည် နိုးထလာမလားဆိုတာကတော့၊ လတ်တလောဖြစ်ပျက်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့၊ အစ္စရေး-ပါလက်စတိုင်းအကျပ်အတည်းတွေမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အေးမင်း(တာမွေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013