DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် KySDP ပါတီ ဒုဥက္ကဋ္ဌ ရုတ်တရက်ကွယ်လွန်၊ ပစ်ခတ်သံများကြား ဈာပနကျင်းပ
DVB
·
May 24, 2021
ကယားပြည်နယ် KySDP ပါတီ ဒုဥက္ကဋ္ဌ ရုတ်တရက်ကွယ်လွန်၊ ပစ်ခတ်သံများကြား ဈာပနကျင်းပ
1 / 2
Donate to DVB

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP  ဒု ဥက္ကဋ္ဌ  စိုင်းနိုင်နိုင်ထွေး ခေါ် ကိုသားပု (အသက် ၄၆ နှစ်)ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ယာဉ်မတော်တဆဖြစ်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး မေလ ၂၃ ရက် မနေ့ကတော့ သူ့ရဲ့ဈာပနကို လွိုင်ကော်မှာ ပစ်ခတ်သံတွေကြားက ကျင်းပခဲ့ရပါတယ်။ 

မေလ ၂၁ ရက်ညနေပိုင်းက နယ်ဘက်က ဆေးလာကုချင်တဲ့လူနာကို သွားကူညီခဲ့ပြီး အပြန် လွိုင်ကော်မြို့အဝင် ၃ မိုင်မှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဇနီးဖြစ်သူ နန်းလောင်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီနေ့က ကျမတို့ဘက်မှာ ပစ်ကြခတ်ကြနဲ့ အခြေအနေရှုတ်နေတော့ ဘယ်သူမှ အပြင်မထွက်ချင်ကြဘူး၊ အဲဒါရွာဘက်က အသိတယောက်က နေမကောင်းလို့ ဆေးရုံသွားချင်တယ်၊ ပိတ်မိနေတယ်ဆိုတော့ သူက သွားကူညီတာပေါ့။  ညနေ ၇ နာရီကျော်မှာတော့ မတော်တဆဖြစ်တယ်လို့ သိရတယ်၊ လွိုင်ကော်အဝင် ၃ မိုင်မှာ ရှေ့ကလာတဲ့ကားကို ရှောင်လိုက်တော့ နောက်ထပ်ကားတစ်စီးကို ဝင်တိုက်လိုက်တာလို့ ပြောတယ်၊  အဲဒီအချိန်က မှောင်လည်း မှောင်လာပြီ၊ မိုးတွေလည်း ရွာနေတယ်လေ၊ နောက်ပြီး လွိုင်ကော်မှာ ည ၈ နာရီအပြင်မထွက်ရ ကာဖျူးမိန့်ထုတ်ထားတော့ သူက ကာဖျူးမိမှာစိုးလို့ ကားအမြန်မောင်းရင်းနဲ့ အရှိန်မထိန်းနိုင်တာလည်း ဖြစ်ပါလိမ့်မယ်။”

စိုင်းနိုင်နိုင်ထွေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတယောက်ကတော့ သူဟာ အဲဒီနေ့က ပိန်းချစ်ရွာ အသုဘတစ်ခုကိုသွားခဲ့ပြီးအပြန် မိုးဗြဲဘက်မှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူ ၁ ဦးကို ဝင်ရောက်အကူအညီပေးခဲ့ပြီး မသေသင့်ဘဲ သေဆုံးခဲ့ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီလူက အများအကျိုး တကယ်ထက်ထက်သန်သန်လုပ်တဲ့လူပါ။ အဲဒီနေ့က ပိန်းချစ်ရွာဘက် အသုဘသွားကူတယ်၊  အိမ်ပြန်မယ်လုပ်တော့ မိုးဗြဲဘက်မှာ ပစ်ခတ်မှုကြောင့် ပြည်သူတယောက် သေနတ်မှန်သွားတယ်။ အရေးပေါ်ဆေးကုဖို့ လိုနေတယ်ဆိုလို့ အဲဒီဘက်ဝင်ပြီး လူနာ သွားကယ်တယ်၊ ဒါနဲ့မိုးချုပ်သွားတယ်၊ သူ ကားတိုက်မှုဖြစ်တဲ့နေရာက လမ်းပြင်နေတဲ့နေရာ၊ လမ်းမကောင်းသေးဘူး၊ မြို့ထဲလည်း ကာဖျူးက လွတ်အောင် အမြန်မောင်းရတော့ မသေသင့်ဘဲသေဆုံးသွားရတာ၊ အင်မတန်နှမြောဖို့ကောင်းပါတယ်ခင်ဗျာ။”

စိုင်းနိုင်နိုင်ထွေးဟာ ပြည်နယ်အတွက်  နိုင်ငံရေးမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သလို လူမျိုးအတွက် စာပေယဉ်ကျေးမှုထိန်းသိမ်းရေးမှာလည်း အနစ်နာခံဆောင်ရွက်ခဲ့သူဖြစ်လို့ အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်ကြောင်း တောင်ကြီး ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခေးလျိုက ပြောပါတယ်။ 

“သူက ကယားပြည်နယ်အတွက် နိုင်ငံရေးမှာလည်း တက်ကြွတယ်ကြိုးစားတယ်။ တဘက်က ရှမ်းလူမျိုးဖြစ်တော့ ကယားပြည်နယ် ရှမ်းစာပေနဲ့ယဉ်ကျေးမှုဥက္ကဋ္ဌလည်း ဖြစ်ဖူးတယ်၊ ခုတော့ ဘဏ္ဏာရေးမှူးပေါ့။ ဝေးလံခေါင်ဖျားတဲ့ ရှမ်းရွာတွေသွားပြီး စာပေယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်နိုင်ဖို့ ဦးဆောင်လုပ်ခဲ့တယ်။ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေလည်း ဖွင့်ခဲ့တယ်။ အများအကျိုးအတွက် ပြောလည်းပြောတယ်၊ လုပ်လည်းလုပ်တယ်၊ ‌ငွေလည်း စိုက်သုံးတယ်။ သူလိုလူဆုံးသွားတာ  ပြည်နယ်အတွက်ရော လူမျိုးအတွက်ပါ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါခင်ဗျာ။”

စိုင်းနိုင်နိုင်ထွေး ဆုံးပါးသွားရတဲ့အပေါ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကလည်း ကျန်ရစ်သူ မိသားစုနဲ့ထပ်တူဝမ်းနည်းရကြောင်း၊ သူဟာ ပါတီစတင်တည်ထောင်ကတည်းက ဆုံးပါးသွားချိန်ထိ ပါတီအရေး ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့လို့ လေးစားဂုဏ်ပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ 

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုဌာနချုပ်ကလည်း စိုင်းနိုင်နိုင်ထွေးဟာ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြည်နယ်အတွက် ကြီးမားတဲ့နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။  

စိုင်းနိုင်နိုင်ထွေးဟာ လွိုင်ကော်မြို့နေ  အဘဦးထွေးမောင်နဲ့ အမိဒေါ်နန်းညိုတို့ရဲ့ သားဖြစ်ပြီး တောင်ကြီးတက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ကျောင်းပြီးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ နန်းလောင်ဆိုင်နဲ့ လူမမည်ရွယ် သား ၁ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ပါတယ်။ 

သူ့ရဲ့ အသုဘအခမ်းအနားကို မေလ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ဖိတ်ကြားထားပေမယ့် လတ်တလော လွိုင်ကော်နဲ့ အနီးတဝိုက်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ မေလ ၂၃ ရက်မှာ ကတိုက်ကရိုက်ကျင်းပခဲ့ရပြီး အသုဘရှု တရားနာလို့ မပြီးခင်မှာဘဲ ပစ်ခတ်သံတွေ ထပ်မံထွက်ပေါ်လာလို့ အခမ်းအနား ရုတ်ရုတ်သဲသဲနဲ့ ပြီးဆုံးသွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013