Home
မြန်မာသတင်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၏ ရှေ့နေ ဖမ်းဆီးခံရ
DVB
·
May 24, 2021
186526958_3050725841825249_4691486015287096019_n

ဒီကနေ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို ရုံးထုတ်စစ်ဆေးရာမှာ အကျိုးဆောင်ဖို့ သွားရောက်ခဲ့တဲ့  ရှေ့နေ ၆ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဖမ်းဆီးခံရသူဟာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့  ရှေ့နေ ဦးသိန်းလှိုင်ထွန်း ဖြစ်ပါတယ်။ 

တရားလွှတ်တော် ရှေ့နေ ဦးသိန်းလှိုင်ထွန်း (ခ) ဒေါင်းမာန်ဟုန် ကို ဒီနေ့ ရုံးထုတ်မှာ အမှုသည်ဆီကနေ ညွှန်ကြားချက်ယူပြီးအပြန် နေပြည်တော်ကောင်စီဝင်းရဲ့ ဂိတ်တံခါးအဝမှာ သက်သေခံလက်မှတ်တွေနဲ့ မှတ်ပုံတင်တွေကို ပြန်လဲယူတဲ့အချိန်မှာ ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက “ပြန်ထွက်လာတဲ့အခါကျတော့ ကျမတို့နဲ့ အတူတူပါသွားတဲ့ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေ ဦးသိန်းလှိုင်ထွန်းကိုကတော့ ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်လားမသိဘူး ရန်ကုန်မှာစွဲထားတဲ့ ပုဒ်မ ၅၀၅-က နဲ့ စွဲထားတဲ့အမှုအတွက် ဖမ်းဆီးတာခံလိုက်ရပါတယ်ရှင့်"လို့ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမျိုးအောင်ကိုတော့ မေလ ၂၄ ရက်နေ့မှာ လူတွေ့ရုံးထုတ်စစ်ဆေးခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကို ဇွန် ၇ ရက်နေ့ကို ချိန်းဆိုခဲ့ကာ အဲဒီရုံးချိန်းမှာ မူခင်းစီမံခန့်ခွဲမှုအစီအစဉ် ပြလုပ်သွားမှာဖြစ်ပါတယ်။

စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်ကို နေအိမ်အကျယ်ချုပ်ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားတာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို နေပြည်တော်ရှိ ခြံဝင်းတစ်ခုအတွင်းရှိ အဆောက်အဦမှာ   ဒီကနေ့  မေလ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့ရာမှာ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကျန်းမာကြစေဖို့နဲ့  ပြည်သူတွေ ရှိနေသရွေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း တည်ရှိနေမှာဖြစ်တယ်လို့ ဒီနေ့ရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024