DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်အပါအဝင် ကယားပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်၊ ကျေးရွာဘုရားကျောင်းကို စစ်တပ်က ပစ်ခတ် ပြည်သူ ၄ ဦးသေဆုံး
DVB
·
May 24, 2021
လွိုင်ကော်အပါအဝင် ကယားပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်၊ ကျေးရွာဘုရားကျောင်းကို စစ်တပ်က ပစ်ခတ် ပြည်သူ ၄ ဦးသေဆုံး
1 / 11
Donate to DVB

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာ မေလ ၂၃ ရက် မနေ့ညပိုင်းက  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် မြို့ခံလူထုတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ် ပီကင်းကောခူမှာ စစ်ရှောင်ဒုက္ခသည်စခန်းဖွင့်လှစ်ဖို့ လုပ်ဆောင်ရာကနေ စစ်ကောင်စီတပ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား  ပစ်ခတ်မှုတွေဖြစ်ပွားလို့  ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ဒါအပြင် ကုန်းသာကျေးရွာမှာ တိုက်ပွဲဖြစ်လို့ ကယန်းသာယာကျေးရွာဘုရားကျောင်းမှာ ထွက်ပြေးခိုလှုံနေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေရှိရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ည သန်းခေါင်ကျော်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ဘုရားကျောင်းပြိုကျပျက်စီးခဲ့ပြီး  ပြည်သူ ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ ရှမ်း-ကယားနယ်စပ်က ပီးကင်းကောခူဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျေးရွာသူတယောက် ပြောပါတယ်။

မနေ့က ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်  မိုးဗြဲမှာလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကရော ပြည်သူ့ ကာကွယ်ရေးတပ်ဘက်ကပါ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း PDF ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံ တယောက်က “မိုးဗြဲမှာ ၂ ယောက်ကျတယ်။ ဒီဆောင်ကန်း ကျေးရွာဘက်မှာ တယောက်ကျတယ်။ ပြီးတော့ ရွာထဲက ဝါရီကောခူတယောက်က ပါးမေးရိုးဘက်မှာထိတယ် တချက် ။ အခြေအနေ မကောင်းဘူး။ စိုးရိမ်ရတယ်ပေါ့နော်။ ပီကင်းကောခူကျတော့ ပေါင်မှာတချက်ထိတာက တစ်ယောက်။” 

မိုးဗြဲမှာ ရဲကင်းစခန်းတွေတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တချို့သေဆုံး တချို့ပျောက်ဆုံးနေပြီး  ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှာဖွေနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူထု ၂၀၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက်မှာတော့ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်၊ ငွေထောင်ကျေးရွာအထိ လမ်းတလျှောက် Non  CDM ရုံးတွေကို ပြည်သူတွေက ဖြိုချဖျက်ဆီး မီးရှို့ခဲ့သလို  ဒီးမော့ဆိုရဲစခန်းမှာ ဆက်တိုက်ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တဦး က ပြောပါတယ်။

ဒီးမော့ဆိုမြို့လူနေရပ်ကွက်တွေထဲမှာလည်း စစ်ကောင်စီဘက်ကလက်နက်ကြီးတွေအပြင်  တင့်ကားတွေနဲ့ပါ ပစ်ခတ်နေပါတယ်။ 

လွိုင်ကော်-ဒီးမော့ဆိုလမ်း လွိုင်ကော်မြို့အဝင်ဂိတ်ဖြစ်တဲ့ ပန်ကန်းဂိတ်လည်း ဒီနေ့မနက် ၁၀ နာရီလောက်မှာ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့  ဝေဟင်ပေါ်မှာလည်း လေယာဉ်တွေ ပျံသန်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာရှိတဲ့ အမှတ် ၂ ဂိတ်စခန်းမှာ ဒီကနေ့မနက်အစောပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အချင်းချင်းပစ်ခတ်တာလား ဒေသခံတွေ သွားပစ်တာလားတာ  သေချာမသိရသေးကြောင်းလည်း ဒေသခံတဦးက ပြောပါတယ်။ 

PHOTO CRDIT- CJ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013