ကယားပြည်နယ် နေရာအနှံ့မှာ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
မေလ ၂၁ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက် မေ ၂၂ နေ့မှာလည်း နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့မှာလည်း လွိုင်ကော်မြို့နယ်၊ မိုးဗြဲမြို့မှာလည်း မနက် ၉ နာရီခွဲလောက်ကတည်းကနေ ညနေ ၃ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒေသခံတဦးက “ဒီနေ့ကတော့ သူတို့ ရဲစခန်းကို သိမ်းပြီးပြီး၊ ရဲတွေလည်း အရှင်ဖမ်းမိထားတယ်။ လမ်းမှာလည်း ဖြတ်တိုက်နေတယ်။ မိုးဗြဲမှာ မနက် ၉ နာရီကျော်ကတည်းက စဖြစ်တာ။ အခုချိန်ထိပဲ။ အခု သူတို့ စခန်းသိမ်းပြီးသွားပြီ။ ဒါပေမဲ့ ဟိုဘက်က စစ်ကူလာတယ် ပြောတယ်။ ဒေသခံတွေကတော့ အိမ်ထဲမှာပဲ နေနေကြတယ်။ ထွက်ပြေးဖို့ အချိန်မရတော့ဘူး” လို့ ပြောပါတယ်။
မိုးဗြဲမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရဲစခန်း မီးလောင်ပြာကျသွားလို့ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားပါတယ်။
မိုးဗြဲတိုက်ပွဲမှာ အမျိုးသမီးတယောက် လက်နက်ကြီးကျည်ကျ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရတာ ရှိတယ်။ မိုးဗြဲကို စစ်ကူလာရောက်မယ့် စစ်ကောင်စီတပ်ကိုလည်း လမ်းတွေမှာ ဒေသခံတွေက အတားအဆီးလုပ်တွေပြီး လာလို့မရအောင် တားဆီးတာတွေရှိသလို ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အလားတူ ရှမ်းကယားနယ်စပ် ပီကင်းကောခူနဲ့ ဝါရီကောခူကျေးရွာတွင်းမှာလည်း နေ့လယ်ပိုင်းကတည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ မွန်းလွဲပိုင်းမှာလည်း လွိုင်ကော်ကနေ ပီကင်းကောခူကို သွားတဲ့လမ်း ကုန်းသားကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ စံပြ ၆ မိုင်နဲ့ အစရှိတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒီလိုမြို့တွင်း တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်အပါအဝင် မိုးဗြဲကောင်းကင်ယံမှာ လေယာဉ်တွေ ပျံဝဲနေပါတယ်။
ဘောလခဲဘက်ကနေ တက်သွားမယ့် စစ်ကူတွေ မလာနိုင်အောင်လည်း နန်းဖဲနဲ့ ဖရူဆိုမြို့နယ်တွေမှာ ဒေသခံတွေက သစ်ပင်ကြီးတွေ ခုတ်လှဲပြီး အတားအဆီးတွေ လုပ်ဆောင်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။
ဒီလို တိုက်ပွဲဖြစ်နေချိန် ဘောလခဲမြို့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမယ့် ငါးသွားမျှားတဲ့ လူငယ် ၃ ဦး ဘောလခဲ ပူးပေါင်းစစ်ရေးဂိတ်ဖြတ်သွားစဉ် တာဝန်ရှိသူတွေ တားဆီးခဲ့ပေမဲ့ မရပ်ပေးခဲ့လို့ သေနတ်နဲ့ ပတ်ခတ်တဲ့အတွက် တဦး သေဆုံးသွားပါတယ်။
ကယားပြည်နယ်နဲ့ထိစပ်တဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ပေါ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒီကနေ့ ကယားပြည်နယ် နေရာအနှံ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မွန်းလွဲပိုင်းမှာ လွိုင်ကော်မြို့ကို martial law ထုတ်ထားလိုက်ပြီလို့ သိရပြီး ဆိုင်ကြီး၊ ဆိုင်ငယ် စက်သုံးဆီဆိုင် အားလုံးပိတ်ထားလိုက်ပြီလို့ သိရပါတယ်။
မနေ့ မေလ ၂၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ ဒီးမော့ဆိုမြို့နယ်က ဒေါတဝီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။