DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် လယ်သမားအချို့ နေထိုင်ရေးအခက်တွေ့
DVB
·
November 15, 2013
ဘိုကလေးတွင် လယ်သမားအချို့ နေထိုင်ရေးအခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း ကျေးရွာတခုက လယ်သမားတွေဟာ သူတို့ခိုလှုံရာ စားကျက်မြေပေါ်မှာဆက်လက်နေထိုင် စိုက်ပျိုးခွင့်ရရေးအတွက် မြို့နယ်အာဏာပိုင်ထံ အကူညီတောင်းခံခဲ့ကြပါတယ်။

Bogalay Sign Board copyဧရာဝတီတိုင်း ဘိုကလေးမြို့အပိုင် မြင်းကကုန်းကျေးရွာအုပ်စုကွင်းကြီး ကျေးရွာ ကျွဲစားကျက်မြေမှာ လုပ်ကိုင်စားသောက်တဲ့ ဆင်းရဲသားလယ်သမားတွေဟာ သူတို့ကို ၀င်ရောက်မစိုက်ပျိုး၊ မနေထိုင်ဖို့ မောင်းထုတ်ခံရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြကြပါတယ်။

ကျွဲစားကျက်မြေ ဧက ၁၀၀ လောက်ကို အရင်အစိုးရလက်ထက်က သိမ်းဆည်းခဲ့ပြီး စားကျက်မြေအဖြစ် ပြန်လည်ချပေးရာမှာ ဆင်းရဲသားလယ်သမားတွေက တယောက်ကို ၁ ဧက၊ ၂ ဧက ၀င်ရောက်လုပ်ကိုင်စားသောက်နေတာဖြစ်ပြီး လူပုဂ္ဂိုလ်တဦးက ဆက်မလုပ်တော့ဖို့ တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

ဒီစားကျက်မြေဟာ သူတို့ပိုင် မြေမဟုတ်ပေမယ့် ဒီမြေပေါ်မှာ တဲအိမ်ငယ်တွေ ထိုးပြီး နေထိုင်အသက်မွေးနေကြကြောင်းနဲ့ ဆက်လက်နေထိုင်ခွင့်ရရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြကြတာလို့ ဆိုပါတယ်။

ခြိမ်းခြောက်မောင်းထုတ်ခံရတဲ့ လယ်သူမတဦးက “ကျွဲစားကျက်ရဲ့ မြေကို သူတို့မြေပါဆိုပြီး ဓားကြိမ်းကြိမ်းတာပါ” လို့ ပြောပါတယ်။

တိုင်တန်းရာမှာပါတဲ့ ဦးလှဝင်းက ဒီစားကျက်မြေဟာ အရင်ကာလတုန်းက လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေဖြစ်ပြီး အရင်အစိုးရလက်ထက်မှာ အထွေထွေအုပ်ချုပ်ရေးပိုင်းက ဧက ၁၀၀ ကို ရယူပြီးလုပ်နေခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိအစိုးရသစ် လက်ထက်မှာ ဒီမြေဧကတွေကို ထွေအုပ်လက်အောက်က လွတ်မြောက်တဲ့အတွက် စားကျက်မြေမှာ ၀င်လုပ်ကြတာလို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီကနေ့ တိုင်တန်းတဲ့အခါ အဆင်မပြေဘူးလို့ လယ်သမား ဦးလှဝင်းက ရှင်းပြပါတယ်။

“အုပ်ချုပ်ရေးမှူးကို တင်ပြတဲ့အချိန်မှာ ဒီဟာက စားကျက်မြေဖြစ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးနဲ့ ပြန်ညှိပါတဲ့။ ကျနော်တို့က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြန်ညှိပြန်တော့လည်း သူတို့က မြို့နယ်က လုပ်မပေးလို့ရှိရင် ဘာတခုမှ သူက လုပ်ပေးလို့ မရဘူးတဲ့ဆိုပြီးတော့ မြို့လွှဲလိုက်၊ တောလွှဲလိုက်နဲ့ပဲ ကျနော်တို့က နေရပါတယ်။”

တိုင်တန်းရာမှာ ပါဝင်တဲ့ ဦးအုန်းကျော်က ဒီစားကျက်မြေမှာ နေထိုင်ရတာဟာ တခြားမှာ နေစရာမရှိလို့ ဖြစ်ကြောင်း ပြောပါတယ်။

“၁၉၉၃ ခုနှစ်က ကျနော်ဆိုရင် စပါးတာဝန်မကျေမှု ဖြစ်ခဲ့လို့ ဘိုကလေးမြို့နယ်မှာ ထောင်ကျခဲ့ပါတယ်။ မြင်းကကုန်း ရဲစခန်းအပိုင်ကနေပြီး ဘိုကလေးမြို့နယ်တရားသူကြီး ဦးထွန်းဖြူကနေ အမိန့်ချမှတ်ခဲ့လို့ ထောင်ဒဏ် ၁ နှစ် ကျခံစေခဲ့ပါတယ်။ ကျနော်တို့ မိသားစုတွေက ဆင်းရဲဒုက္ခ နွမ်းပါးတဲ့အတွက် နေရာစာမရှိလို့ စားကျက်မြေထဲမှာ ၀င်ရောက် ခိုလှုံနေပါတယ်။”

ဒီကိစ္စကို ရဲစခန်းကို တိုင်ကြားတုန်းကလည်း ရဲအရေးပိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် အမှုလက်မခံသလို ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို ညွှန်းဆိုခဲ့ပါတယ်။

ဒါကြောင့် သူတို့ရဲ့ နေထိုင်စားသောက်ရေးအတွက် ဘယ်သူထံကို တိုင်တန်းရမှန်း မသိတော့ဘူးလို့ ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013