DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၁၂ ဦးထိ ရှိလာ
DVB
·
May 22, 2021
အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၁၂ ဦးထိ ရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၁၂ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၁ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၃၅၄ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ ၄၂၅၈ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၄ ယောက် ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထား ရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၇၈၂ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေဟာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားခဲ့ ကြရပြီး ရပ်ရွာအတွင်း သွားလာနေချိန်မှာတောင် အချိန်မရွေး အသက်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

ချင်းပြည်နယ်မှာတော့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး  ဒီကနေ့ မေ ၂၁ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း CDF-Falam မှ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မေ ၂၁ ရက်က စတင်ကာ မင်းတပ်မြို့နယ်ကို ရေ၊ မီးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့လည်း သိရပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ စစ်ဆင်ရေး ပုံစံသဖွယ် ဒေသခံတွေအပေါ် ပြုမူလာပြီး မင်းတပ်ဒေသခံတွေကို အကူအညီပေးရေးကို လည်း ဖြတ်တောက်ထားတာဟာ သူတို့ကို ခုခံတဲ့ ဒေသတွေ အင်အား လျော့နည်းကာ ထပ်မံစုစည်းပြီး ခုခံမရစေဖို့ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ပြန်လည် ခုခံတိုက်ခိုက်မှုတွေဟာ တစတစ ကျယ်ပြန့် လာနေခဲ့ပြီဖြစ်ပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်မှာလည်း အ ကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ်(PDF)က ပြန်လည် ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက် စစ်အုပ်စုက RPG လက်နက်ကြီးတွေ၊ ဗုံးတွေ နဲ့ ဒေသခံတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ သိရှိရပြီး မြို့ပေါ်ရပ်ကွက်တွေက ပြည်သူအချို့  ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကို မင်းတပ်မြို့လိုမျိုး အပြင်းအထန် ထိုးစစ်ဆင်လာမှာ ဖြစ်တဲ့ အတွက် ဒေသခံတိုင်းရင်းသားများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တယ်လို့လည်း အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုက လူနေရပ်ကွက်တွေအတွင်း စစ်တလင်းသဖွယ် လက် နက်ကြီးတွေ၊ ဗုံးတွေသုံးကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်တာကလည်း နိုင်ငံ တကာဥပဒေတွေကို ချိုးဖောက်နေခြင်းဖြစ်ပြီး တရားမဝင် အကြမ်းဖက်အုပ်စုဖြစ် ကြောင်း ပိုပေါ်လွင်စေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက် ဖမ်းဆီးတာ တွေ ပြုလုပ်နေခဲ့ပြီး ဒီကနေ့ မေ ၂၁ ရက် နေ့လယ်ပိုင်းအချိန်က ကချင်လူငယ် တက်ကြွလှုပ်ရှားသူ ၂ ယောက်ဖြစ်တဲ့ မဆိုင်းနူးပန်၊ ကိုလွမ်းဇောင်းတို့ အပါအဝင် ကားတစီး တည်း အတူပါလာတဲ့ တခြား လူငယ် ၂ ယောက်တို့ကိုပါ သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013